စစ်ကောင်စီအလိုကျ သင်္ကြန်ပွဲတော်ဆင်နွှဲရန် နယူးစတားလိုက်ကုမ္ပဏီတာဝန်ရှိသူများမှ ဝန်ထမ်းများကို ဖိအားပေးစေခိုင်းနေ

Author အညာသား
Categories
Published on Apr 02, 2024

မန္တလေးမြို့ ၇၃လမ်း၊ New Oceanရှိ နယူးစတားလိုက် ကုမ္ပဏီမှ ဦးဆောင်ကျင်းပမည့် သင်္ကြန်ပွဲတော်အတွက် ဖျော်ဖြေရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ရန် ဝန်ထမ်းများကို အလိုမတူဖိအားပေးခိုင်းစေနေကြောင်း အဆိုပါ ကုမ္ပဏီဝန်ထမ်း အသိုင်းအဝန်းက စုံစမ်းသိရှိရသည်။

 

ယခင်နှစ် သင်္ကြန်ပွဲတော်ကာလကလည်း ကုမ္ပဏီအနေဖြင့် မဏ္ဍပ်ကြီးပြုလုပ်ကာ ဖျော်ဖြေရေးကဏ္ဍ အသီးသီးဖြင့် သင်္ကြန်ပွဲကို တခမ်းတစ်နားပြုလုပ်ခဲ့ကြောင်း ယခုနှစ်တွင်သင်္ကြန်တွင်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်ရန် မတ်လ ၂၁ရက်မှ စတင်၍ သင်္ကြန်ဖျော်ဖြေရေး အစီစဉ်များအတွက် ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“ကုမ္ပဏီမှာရှိတဲ့ ဝန်ထမ်းမိန်းကလေးတွေကို ယိမ်းကရမယ်ဆိုပြီး အတင်းအဓမ္မ မက မနေရ အကတိုက်ခိုင်းနေပါတယ်။ အလုပ်သမား ယောင်္ကျားလေးတွေကိုလဲ အကုန် volunteers မပါမနေရဆိုတဲ့ အနေအထားနဲ့ အတင်းလုပ်ခိုင်းနေတယ် ” ဟု အထက်ပါကုမ္ပဏီနှင့် ဆက်နွှယ်သူတစ်ဦးက CJ Platformသို့ ပြောသည်။

 

အထက်ပါကုမ္ပဏီမှ တာဝန်ရှိဝန်ထမ်းလူကြီးများက သင်္ကြန်အားလပ်ရက်တွင် အောက်ခြေဝန်ထမ်းများကို အနားယူခွင့်မပေးသည့်အပြင် အလုပ်သမားဥပဒေအရ ဝန်ထမ်းများကို ကာကွယ်မှုပေးရမည့်အစား  မျက်ကွယ်ပြုကာ ကုမ္ပဏီ၏ အထက်လူကြီးများ ညွှန်ကြားသည့်အတိုင်း ပွဲဖြစ်မြှောက်အောင် အတင်းအဓမ္မ စီစဉ်နေမှုအပေါ်  မလွန်ဆန်နိုင်ဖြစ်နေရသည်ဟု ဝန်ထမ်းများက ဆိုသည်။

 

“သင်္ကြန်နားရက်မှာ ရွာပြန်ချင်တဲ့ ဝန်ထမ်းတွေ၊ မိသားစုနဲ့ အချိန်ပေးချင်တဲ့ ဝန်ထမ်းတွေ၊ ရိပ်သာဝင်မဲ့လူတွေကိုတောင် ဘုန်းကြီး ဝတ်တာနဲ့ မယ်သီလရှင် ဝတ်တာပဲ လက်ခံမယ်လို့ HRကပြန်ပြောပါတယ်။ စစ်ကောင်စီက ပွဲမဖြစ်မနေလုပ်ဆိုတိုင်း သူတို့ဆီမှာရှိတဲ့ ဝန်ထမ်းတွေကို အတင်းအကျပ် မဖြစ်ဖြစ်အောင်လုပ်နေတာပါ” ဟု ကုမ္ပဏီဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အဆိုပါကုမ္ပဏီရှိ လူငယ်အမျိုးသားဝန်ထမ်းများကို စစ်မှုထမ်းဖောင်များ ဖြည့်ခိုင်းခဲ့သည့်အတွက် အလုပ်မှ နုတ်ထွက်သွားသူ အများအပြားရှိခဲ့ကြောင်း၊ ဝန်ထမ်းအများစုမှာ ကုမ္ပဏီ၏ ဖိအားပေးလုပ်ဆောင်မှုအပေါ် ကျေနပ်မှုမရှိသော်လည်း ယခုကာလ စားဝတ်နေရေးအကြပ်အတည်းကြောင့် သည်းခံကာ လုပ်ကိုင်ဆောင်ရွက်နေရကြောင်း ဝန်ထမ်းအသိုင်းဝန်းက ဆိုသည်။

 

ယခင်နှစ်သင်္ကြန်ကာလက အဆိုပါ New Oceanနေရာတွင် ကျင်းပပြုလုပ်သော သင်္ကြန်မဏ္ဍပ်သို့ မန္တလေးမြို့ခံ အများအပြားလာရောက် ဆင်နွှဲခဲ့ကြသည်။

 

နယူးစတားလိုက်ကုမ္ပဏီသည် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး ဦးသိန်းစိန်အစိုးရ လက်ထက်က တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်ဘေးတွင် မှုဆယ်ဗဟိုစီးပွားရေးစီမံကိန်းကို တာဝန်ယူဆောက်လုပ်ခဲ့သော ကုမ္ပဏီဖြစ်သည်။ ယင်းကုမ္ပဏီသည် အာဏာပိုင်အဖွဲ့အစည်းများဖြင့် နီးစပ်မှုရှိပြီး မန္တလေးမြို့ရှိ အကွက်ကွင်းကောင်းသည့်နေရာများကို လက်ဦးမှုယူကာ ဟိုတယ်များ၊ အိမ်ယာများ ဆောက်လုပ် ငှားရမ်းရောင်းချသော စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်ကြောင်း၊ ကုမ္ပဏီ၏နောက်ကွယ်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပတ်သက်မှုရှိကြောင်း CJ Platformအနေဖြင့် သီးခြားစုံစမ်း သိရှိရသည်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာညွှန်း – နယူးစတားလိုက်ကုမ္ပဏီမှ ဆောက်လုပ်နေသည့် သင်္ကြန်မဏ္ဍပ်အား မြင်ရပုံ