ထိုင်းလက်ရွေးစင် ဘောလုံးသမားတစ်ဦးမှ စစ်ကောင်စီဖျက်ဆီးခဲ့သည့် ဓမ္မသကျေးရွာကို ကူညီနိုင်ရန် နိုင်ငံအသင်းဂျာစီကို လေလံတင်ရောင်းချ

Author လင်းနွေဦး
Categories
Published on Apr 02, 2024

မွန်မိသားစုမှ မွေးဖွားသည့် ထိုင်းလက်ရွေးစင် ဘောလုံးသမား တစ်ဦးက စစ်ကောင်စီကြောင့် ပျက်စီးခဲ့ရသည့် မွန်ပြည်နယ်၊ ဓမ္မသကျေးရွာမှ စစ်ဘေးရှောင်များအတွက် ရည်ရွယ်ကာ ၎င်းဝတ်ဆင်သည့် နိုင်ငံအသင်း ဂျာစီ ကို လေလံတင်ရောင်းချခဲ့ကြောင်း Bangkok Post မီဒီယာမှ ဖော်ပြသည်။

 

အသက် ၁၇ နှစ် အရွယ် “ဖွန်” အမည်ရ လူငယ် ကစားသမားသည် မတ် ၂၇ ရက် နေ့တွင် စစ်ကောင်စီမှ ဓမ္မသ ကျေးရွာပေါ်သို့ ကျူးလွန်တိုက်ခိုက်သည့် လုပ်ရပ်များကို အွန်လိုင်းမှ တဆင့် မြင်တွေ့ခဲ့ရပြီးနောက် နစ်နာသူ ကျေးရွာသူ/ကျေးရွာသားများကို ပြန်လည်ကူညီချင်သည့်အတွက် ယခုကဲ့သို့ လေလံတင်ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုင်းလိဒ်ဝမ်း အသင်း Rachaburi FC တွင် လက်ရှိ ကစားနေကာ U23 နိုင်ငံလက်‌ရွေးစင် အသင်းအတွက် ခေါ်ယူခြင်းခံထားရသည့် ဖွန်စခွန် ဆန်ခဆိုဖာ(Phongsakorn Sangkasopha) မှာ မွန်လူမျိုးမိသားစုမှ ပေါက်ဖွားလာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် AFC U17 Asia Cup Thailand ပြိုင်ပွဲအတွင်း ဝတ်ဆင်ခဲ့သည့် နံပါတ်”15” ဂျာစီကို လေလံတင်ရောင်းချခဲ့ရာမှ မထင်မှတ်ထားလောက်သည့် ငွေပမာဏအား ရရှိခဲ့သည်ဟု ၎င်းမှဆိုသည်။

 

“ဒီလေလံပွဲကို ပါဝင်ပေးတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ရှိပါတယ်။ တစ်ယောက်စီတိုင်းဟာ နစ်နာသူတွေကို ကူညီတဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပေးကြတယ်လို့ သတ်မှတ်ပါတယ်။ လေလံအောင်သွားတဲ့ သူကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ဆုံး အနိုင်ရဈေးနှုန်းဟာ မထင်ထားလောက်အောင် အရမ်းများခဲ့တာပါ” ဟု “ဖွန်”မှ ပြောကြားကြောင်း Bangkok Post သတင်းဌာန မှဖော်ပြသည်။

“ဖွန်”၏ ဂျာစီအား ပန်စွတ်”Pansuk” ဟု အမည်ရ မွန် အမျိုးသမီးမှ လေလံတင်ရောင်းချသည့် ယနေ့ ဧပြီ ၂ရက်နေ့တွင်ပင် နာရီပိုင်းအတွင်း ထိုင်းဘတ်ငွေ ၃၆,၅၀၀ ပေးချေ ဝယ်ယူခဲ့ခြင်းဖြစ်ကာ ရရှိခဲ့သည့် ငွေအားလုံးကို ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ဓမ္မသ ရွာသူ/ရွာသားများထံ ပေးပို့ကူညီသွားမည် ဟု လူငယ်ဘောလုံးသမား “ဖွန်”မှ အသိပေး ပြောကြားထားသည်။

 

မတ်လ ၂၇ ရက်နေ့၌ စစ်ကောင်စီမှ ဂျိုင်းမြစ်ကမ်းဘေး ကပ်လျက်ရှိ ဓမ္မသ ကျေးရွာ အတွင်း ရေတပ်သ‌င်္ဘောများမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် နေအိမ် ၄၀၀ ထက်မနည်း မီးလောင်ပျက်စီးကာ မီးသတ်ကားများ မဝင်ရောက်နိုင်ရေး စစ်ကောင်စီ တပ်သားများမှ ဟန့်တားခဲ့ကြောင်း လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည့် ရုပ်သံဖိုင်များ အတွင်း တွေ့မြင်ရသည်။

 

ဓာတ်ပုံ – Bangkok Post

 

ပုံစာညွှန်း – ဓမ္မသ ကျေးရွာ ကိုကူညီရန် လေလံတင်ရောင်းချခဲ့သည့် နံပါတ် “၁၅ “ ပါ နိုင်ငံအသင်း ဂျာစီအား ဝတ်ဆင်ထားသည့် လူငယ် “ဖွန်”အား မြင်ရစဉ်