စစ်ကောင်စီတပ်ကြီးစိုးရာ မြို့ပြများကို ထိုးစစ်ဆင် ဖြိုဖျက်ရန် အညာဒေသအခြေစိုက် Myingyan Black Tiger (MBT)တပ်ဖွဲ့က ပြင်ဆင်လျက်ရှိ

Author မင်းထက်
Categories
Published on Apr 02, 2024

စစ်ကောင်စီတပ်သားများ စိုးမိုးမှုအားကောင်းလျက်ရှိနေသော မြို့ပြရှိ စစ်ကောင်စီ အထိုင်တပ်စခန်းများကို  ဦးတည်၍ ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိနေကြောင်း အညာဒေသအခြေစိုက်  Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက CJ Platform သို့​ပြောသည်။

 

MBTတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းနဲ့ လက်နက်ကြီးအင်အား လိုအပ်ချက်ရှိနေကြောင်း ၊  လက်ရှိတွင်  တပ်ဖွဲ့အနေနဲ့ မောင်းပြန်သေနတ် အနည်းငယ် တပ်ဆင်ထားနိုင်ပြီး  လက်လုပ်သေနတ်များဖြင့်သာ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိနေကြောင်း၊ မြို့ပြများကို ချီတက်တက် တိုက်ခိုက်ရန် လက်နက်ကြီးတပ်ဆင်ရန် လိုအပ်လျက်ရှိနေကြောင်း သိရသည်။

 

ထို့ကြောင့် MBTတပ်ဖွဲ့အနေဖြင့် လက်နက်ကြီးအင်အားဖြည့်ဆည်းရန်  ယနေ့ ဧပြီ ၁ ရက်နေ့မှ ဇွန် ၁ ရက်အထိ  နှစ် လတာအတွင်း  မြို့ပြဆီသို့ ဆိုသည့် သိန်း ၃၀၀၀ ကမ်ပိန်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ပါဝင်ကူညီပေးကြရန်  ဗိုလ်မိုက်ခဲက မေတ္တာရပ်ခံ ပြောဆိုထားသည်။

 

“အဓိက ကျွန်တော်တို့မှာ လက်နက်အင်အား မတောင့်တင်းပါဘူး၊ လက်နက်ငယ်ကို ဖြည့်တင်းမဲ့အစား ဘာလို့လက်နက်ကြီးကို ဖြည့်တင်းဆိုရင် ကျွန်တော်တို့ လက်လုပ်တွေနဲ့ လူအင်အားသုံးပြီး  လက်နက်အင်အား မောင်းပြန်အင်အား မသုံးနိုင်တဲ့အတွက် လူအင်အားများများနဲ့ လက်လုပ်အင်အားလဲ သုံးလို့ရပါတယ်။ ဒါပေမဲ့ ရန်သူ့ဘန်ကာတွေ ရန့်သူအဆောက်အဦးတွေ ဖြိုဖျက်နိုင်ဖို့ လက်နက်ကြီး လိုအပ်ပါတယ်။ ကျွန်တော်တို့က တစ်မြို့တည်းကို ကိုယ်စားမပြုဘူး စကစက အဓိကထားတဲ့ တော်လှန်ရေးသမားတွေက စိုးမိုးမှုအားနည်းတဲ့ မြို့တွေကို အဓိက ထိုးဖောက်မှာ ဖြစ်ပါတယ်လို့”  MBTခေါင်း‌ဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

 

Myingyan Black Tiger (MBT)တပ်ဖွဲသည် NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်သည်။

 

ဓာတ်ပုံ – Myingyan Black Tiger (MBT)