ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လှေတစင်းနစ်မြုပ်ခဲ့သည့် ဖြစ်ရပ်အတွင်း လူနှစ်ဆယ်ကျော် သေဆုံး

Author ဇိမ်း
Categories
Published on Sep 26, 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကာရိုတိုအာမြစ်အတွင်း လှေတစင်း နစ်မြုပ်ခဲ့သည့် ဖြစ်ရပ်တွင် အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အသိပေးသည်။

Aljazeera သတင်းဌာန၏ ဖော်ပြချက်အရ လက်ရှိတွင် ကယ်ဆယ်ရေးသမားများက ရုပ်အလောင်း ၂၄ ခုကို ရှာဖွေတွေ့ရှိထားသော်လည်း လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရှိရသည်။

နစ်မြုပ်ခဲ့သည့် လှေသည် ပန်ချာဂက်ရှ် ခရိုင် မြစ်တစ်ဘက်ကမ်းရှိ ဟိန္ဒူဘုရားကျောင်းမှ ပြန်လာစဉ် တိမ်းမှောက်နစ်မြုပ်သွားခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်မှာ ယမန်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆယ်ယူရရှိခဲ့သည့် ရုပ်အလောင်းများတွင် အနည်းဆုံး အမျိုးသမီး ၁၂ ဦးအပြင် ကလေးငယ် ၈ ဦး ပါရှိကြောင်း သိရှိရသည်။

လှေပေါ်တွင်လိုက်ပါလာသည့် ခရီးသည် အချို့မှာ ကမ်းပေါ်သို့ ကူးခတ်နိုင်ခဲ့၍ အသက်ရှင်ခဲ့ကြရသည်ဟု မျက်မြင်တချို့ က ဆိုသည်။

လက်ရှိတွင် လှေပေါ်တွင် လိုက်ပါလာသည့် နောက်ထပ် လူ ၂၅ ဦးခန့်မှာ ပျောက်ဆုံးနေသေးကြောင်း ဒေသခံ ရဲအရာရှိတစ်ဦးက အသိပေးထားသည်။

ဒေသတွင်း မီဒီယာများက ယင်းအဖြစ်အပျက်တွင် အနည်းဆုံး လူ ၁၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခုကဲ့သို့ ရေကြောင်း မတော်တဆမှုများ၊ လှေ မတော်တဆမှုများကြောင့် နှစ်စဉ် လူရာနှင့်ချီ သေဆုံးလျက် ရှိနေကြောင်း Aljazeera သတင်းဌာနက ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရေကြောင်းဖြင့် ခရီးသွားလာနေမှုများအား တွေ့ရစဉ်။ (ပုံအဟောင်း)