ရုရှားနှင့် မြန်မာစစ်တပ်ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု (၅၀) ကျော် လုပ်ဆောင်မည်

Author အဂ္ဂ
Categories
Published on Mar 28, 2024

ရုရှားနိုင်ငံနှင့် မြန်မာစစ်ကောင်စီတို့သည် ယခုနှစ်အတွင်းတွင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုပေါင်း (၅၀) ကျော် လုပ်ဆောင်မည်ဟု ရုရှားနိုင်ငံပိုင်သတင်းစာဖြစ်သည့် RIA Novosti ၏ ကြာသပတေးနေ့ (မတ် ၂၈ ရက်) ဖော်ပြချက်ကို ကိုးကား၍ နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

 

နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်မည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများတွင် စစ်ဆင်ရေးများဆောင်ရွက်ခြင်း၊ တိုက်ခိုက်ရေး လေ့ကျင့်ခြင်းစသည့် ပရောဂျက်များ ပါဝင်သည်ဟု RIA သတင်းဌာနက ဖော်ပြထားသည်။

 

ယမန်နှစ် စက်တင်ဘာလတွင်လည်း မြန်မာနိုင်ငံသည် ရုရှားနိုင်ငံမှ ရုရှားထုတ် Su-30 တိုက်လေယာဉ် နှစ်စင်းကို ပထမဆုံးအသုတ်အဖြစ် လက်ခံရရှိခဲ့သည်။

 

စစ်ကောင်စီသည် ရုရှားတို့ထံမှ Su-30 SME တိုက်လေယာဉ်ခြောက်စီး ဝယ်ယူရန် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် နှစ်နိုင်ငံကြား စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု RIA က ဆိုသည်။

 

မြန်မာစစ်အာဏာရှင်ကို အားပေးကူညီကာ ကျောထောက်နောက်ခံပေးနေသည့် ရုရှား၏ လုပ်ရပ်သည် လက်ခံနိုင်ဖွယ်မရှိသလို မြန်မာနိုင်ငံအတွက် ကပ်ဘေးဆိုက်နိုင်သည့် ပဋိပက္ခမီးပိုမိုတောက်လောက်စေရန် လက်နက်များ ထောက်ပံ့ပေးနေသည့်အတွက် ဒေသတွင်း မတည်မငြိမ် ဖြစ်စေသည်ဟုလည်း အမေရိကန်က သတိပေး ပြောဆိုခဲ့သည်။

 

လက်ရှိတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံလျက်ရှိသလို စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ကြီး ဦးဉာဏ်ထွန်းသည် မတ် ၂၆ ရက်တွင် ရုရှားနိုင်ငံ Sochi မြို့၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) (XIII International Forum ATOMEXPO 2024) ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည်ဟုလည်း နှစ်နိုင်ငံကြား လတ်တလော ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိသည်များကို စစ်ကောင်စီလက်အောက်ရှိ မြန်မာ့အလင်းတွင် ဖော်ပြထားသည်။

 

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည့် မြန်မာစစ်တပ်နှင့် စစ်ရေးအရ ပူးပေါင်းကူညီခဲ့သည့် ရုရှားနိုင်ငံသား ၁၂ဦးကို သီရိသီဟကျော်၊ သီရိသူရကျော်ဟု အမည်ရသည့် ၎င်းဘာသာ တီထွင်ထားသော ဆုတံဆိပ်များကိုလည်း မတ် ၂၇ရက်နေ့တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ကိုးကား – Bangkok Post

 

ပုံစာညွှန်း – ယမန်နှစ် နိုဝင်ဘာ (၆) ရက်နေ့တွင် ရုရုားနှင့် မြန်မာပူးတွဲလေ့ကျင့်သည့် ရေတပ်စစ်ရေးလေ့ကျင့်မှု အခမ်းအနားတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားစစ်ဘက်အရာရှိများကို အတူတွေ့ရစဉ်

 

ဓာတ်ပုံ – Military True News Information Team via AP