“ဒီတစ်ပတ် ကမ္ဘာကြီးဘာထူးလဲ” (မတ် ၁၇ မှ ၂၃ အထိ)

Author ကိုထားဝယ်
Categories
Published on Mar 23, 2024

ယခုအပတ်(မတ် ၁၇ မှ ၂၃ အထိ)အတွင်း ကမ္ဘာကြီးထဲ ရုရှားမှာ ISIS တစ်ကျော့ပြန် အကြမ်းဖက်မှု ကျူးလွန်တဲ့သတင်း၊ ရုရှားထိန်းချုပ်ငွေထဲက ယူကရိန်းကို လက်နက်ပြန်ကူဖို့ကြိုးပမ်းမယ့်သတင်း၊ Dr.Dre ဟောလီးဝုဒ် Walk of Fame ဆုရတဲ့သတင်း၊ အမေရိကန်ရဲ့ ဂါဇာအပစ်ရပ်ရေး ရုရှားနဲ့ တရုတ် ဗီတိုအာဏာသုံး ပယ်ချတဲ့သတင်းတွေအပါအဝင် ထိပ်တန်းရောက်သတင်းတွေကို ရွေးချယ်ဖော်ပြထားပါတယ်။

****************************************

 

“ငါးချင်းဆီနဲ့ ငါးချင်း ပြန်ကြော်”

 

ရုရှား မတရားကျူးကျော်ခံထားရတဲ့ ယူကရိန်းမှာ အကူအညီအမြောက်အမြားလိုအပ်နေတာ အားလုံးအသိပါ။ ဒါကြောင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံအတော်များများက ဝိုင်းဝန်းအကူအညီတွေ ပေးနေကြတာပါ။

 

အဲဒီမှာ ဥရောပကော်မရှင်ကတော့ ငါးချင်းဆီနဲ့ ငါးချင်း ပြန်ကြော်ဖို့ အိုင်ဒီယာရသွားခဲ့ပါတယ်။ အဲဒါကတော့ ဥရောပတစ်လွှား ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှု ယူရို ၃ ဘီလျံလောက်ကို ယူကရိန်းအတွက် ပြန်ထောက်ပံ့ပေးသွားဖို့ပါ။ အဲဒီငွေတွေနဲ့ ရုရှားထိုးစစ်ကို ခုခံနိုင်မယ့် လက်နက်အကူအညီပေးရာမှာသုံးဖို့ ဥရောပကော်မရှင် နိုင်ငံခြားရေးမူဝါဒ အကြီးအကဲက အကြံရခဲ့ပါတယ်။

 

အဲဒီအကြံကို ဥရောပသမဂ္ဂခေါင်းဆောင် ၂၇ ယောက်ရဲ့ ထိပ်သီးအစည်းအဝေး အကြိုပွဲနေ့မှာ တင်ပြမှာပါ။ ဗုဒ္ဓဟူးနေ့မှာ တင်ပြမှာပါ။ သူက ယူကရိန်းအတွက် လက်နက်ဝယ်ယူရာမှာ အဲဒီထဲက ၉၀ ရာနှုန်းသုံးဖို့ ကြံဆနေတာဖြစ်ပါတယ်။

 

ယူကရိန်းကိုကျူးကျော်ပြီးနောက် ရုရှားဗဟိုဘဏ်ပိုင်ဆိုင်တဲ့ ယူရို ဘီလျံ ၂၀ဝ ကျော်ကို ဥရောပသမဂ္ဂက ချုပ်ထိန်းထားပါတယ်။ ယူကရိန်းကိုပေးမယ့် အမေရိကန်ရဲ့ ဘီလီယံ ၆၀ အဆိုပြုချက်ဟာ အောက်လွှတ်တော်မှာ ကြန့်ကြာနေခဲ့တာပါ။ ဒါပေမဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးကတော့ ယူကရိန်းကို ဆက်လက်ပံ့ပိုးမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းထဲ ပြောထားပါတယ်။ သူက ဂျာမနီနိုင်ငံ ရမ်းစတိန်း လေတပ်စခန်းမှာ ဥရောပနိုင်ငံတွေအပြင် အခြားနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီး ၅၀ ကျော်ရဲ့အစည်းအဝေးမှာ မစ္စတာ လွိုက် အော်စတင်က မတ်လ ၁၉ ရက် အင်္ဂါနေ့က ပြောခဲ့တာပါ။

****************************************

 

“ရုရှားနဲ့ တရုတ်က အမေရိကန်ကို ကဖျက်ယဖျက်လုပ်နေကြတာလား”

 

အမေရိကန်ပြည်ထောင်စု၊ ရုရှားနဲ့ တရုတ်တို့ကို ကမ္ဘာ့အင်အားကြီး နိုင်ငံတွေအဖြစ်နဲ့ သတ်မှတ်ထားကြပါတယ်။ အဲဒီမှာ ရုရှားက အမေရိကန်ကို စစ်ရေးအရ ပုခုံးချင်း တိုင်းနေသလို တရုတ်က စီးပွားရေးအရ အရပ်ချင်းတိုင်းနေတာပါ။ ဒါကြောင့် သူတို့အားလုံးပေါင်းစုံလေ့ရှိတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်အဆိုအများစုကို ရုရှားနဲ့ တရုတ်က ကန့်ကွက်ပယ်ချလေ့ရှိတာကို မြင်တွေ့ရလေ့ရှိပါတယ်။

 

အခုလည်း ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်တင်သွင်းတဲ့ အဆိုပြုချက်မူကြမ်းကို မတ်လ ၂၂ ရက် သောကြာနေ့က ရုရှားနဲ့ တရုတ်က ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး “ရုရှားနဲ့ တရုတ်ဟာ အမေရိကန်ကို မဲမပေးချင်ရုံသက်သက်နဲ့ ကဖျက်ယဖျက်လုပ်နေကြတာ” လို့ အမေရိကန်ဘက်က ထုတ်ပြောပါတယ်။

 

သူတို့ဟာ လုံခြုံရေးကောင်စီ အောင်မြင် အလုပ်ဖြစ်တာထက် အမေရိကန်တွေကို အရေးနိမ့်နေစေချင်တာသာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ် ဂရင်ဖီးဒ်က ပြောပါတယ်။

 

အမေရိကန်တင်သွင်းတဲ့ အဆိုပြုချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၁၁ နိုင်ငံက ထောက်ခံပြီး ရုရှား၊ တရုတ်နဲ့အတူ အယ်လ်ဂျီးရီးယားက ကန့်ကွက်ခဲ့သလို ဂူယာနာ(Guyana)နိုင်ငံက ကြားနေခဲ့ပါတယ်။

 

ဂါဇာမှာ အပစ်ရပ်ဖို့တောင်းဆိုတဲ့ အဆိုပြုချက် မူကြမ်းတွေကို လုံခြုံရေးကောင်စီမှာ မဲခွဲရာမှာ သုံးကြိမ်အထိ ဗီတိုအာဏာသုံး ပယ်အချခံခဲ့ရပြီးတဲ့နောက် အခု အမေရိကန်က မူကြမ်းတင်သွင်းခဲ့တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ မူကြမ်းထဲမှာ ဂါဇာက အရပ်သားတွေကို ကာကွယ်ဖို့၊ လူသားစာနာမှု အကူညီပိုပေးဖို့နဲ့ ဓားစားခံတွေ လွတ်မြောက်ဖို့ တောင်းဆိုမှုတွေမှာ တိကျမှုမရှိတဲ့ ဒွိဟဖြစ်စရာ အသုံးအနှုန်းတွေ ပါဝင်နေသလို ရှင်းလင်းမှုမရှိဘူးလို့ ထောက်ခံမဲမပေးသူတွေက ဆိုကြပါတယ်။

 

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က မူကြမ်းဟာ ရှင်းလင်းမှုမရှိသလို ချက်ချင်း အပစ်ရပ်ဖို့ တောင်းဆိုထားတာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

 

ဂါဇာမှာ အစ္စရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အရပ်သား သုံးသောင်းကျော် သေဆုံးခဲ့ရပြီး အဲဒီထဲ ကလေးငယ်နဲ့ အမျိုးသမီးအများအပြားပါဝင်နေတာပါ။

****************************************

 

“ပူတင်နားရွက် တံတွေးလာစွတ်ကြသူများ”

 

အစ္စလာမစ်စစ်သွေးကြွအဖွဲ့လို့ အများသိကြတဲ့ ISIS အဖွဲ့ရဲ့ လှုပ်ရှားမှုငြိမ်သက်သွားတာ အချိန်ကာလကြာမြင့်နေခဲ့ပါပြီ။ ဒါပေမဲ့ ‘ဘွား’ ဆိုသလိုပဲ ပူတင်ရဲ့ ရုရှားမှာ စစ်ဆင်ရေးသဖွယ်လုပ်ဆောင်ပြီး လူ ၄၀ လောက်ကို အကြမ်းဖက်သတ်ဖြတ်လို့ ရုတ်တရက် ပြန်ပေါ်လာခဲ့ပါတယ်။

 

သောကြာနေ့ညပိုင်းက ရုရှားနိုင်ငံ မော်စကိုအနီးက ခရိုကပ် မြို့တော်ခန်းမထဲမှာကျင်းပမယ့် ဂီတဖျော်ဖြေပွဲကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူ ၄၀ ထက်မနည်းသေဆုံးပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

 

အဲဒီ ကပွဲရုံထဲက ဝင်ရောက်ပစ်ခတ်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS စစ်သွေးကြွေအဖွဲ့ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ပြောဆိုလာပါတယ်။

 

သူတို့ရဲ့တိုက်ခိုက်မှုကြောင့် လူသေဆုံးဒဏ်ရာရမှုတွေအပြင် မီးလောင်ဗုံးဒဏ်ကြောင့် မြို့တော်ခန်းမ အဆောက်အအုံ မီးအကြီးအကျယ်လောင်ကျွမ်းပျက်စီးခဲ့ရပါတယ်။

 

သေနတ်သမားတွေကတော့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေမလာခင် ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။

 

ဒီပစ်ခတ်မှုဟာ ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့ကမှကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအပြတ်အသတ်နိုင်ခဲ့တဲ့ ငါးဆက်မြောက် သမ္မတကြီး ဗလာဒီမာ ပူတင်ရဲ့နားရွက်ကို တံတွေးလာစွတ်လိုက်တာပါ။

 

သေဆုံးထိခိုက်ဒဏ်ရာရသူ အရေအတွက်ဟာ အချိန်နဲ့အမျှအပြောင်းအလဲရှိနိုင်တယ်လို့ နိုင်ငံပိုင်မီဒီယာ TASS က စနေနေ့ မနက်ပိုင်းမှာ ဖော်ပြထားပါတယ်။

****************************************

 

“၂၇၇၅ ဒေါက်တာ Dr. Dre”

 

Dr. Dre ဆိုတာနဲ့ ကမ္ဘာ့ Hip-Hop ဂီတလောကမှာ မရှိသူ ရှားကြပါတယ်။ အခုတော့ အသက် ၆၀ နှစ်အရွယ် ကျော်ကြားသူကြီး ဟောလီးဝုဒ်မှာ သူကောင်းပြုခံခဲ့ရပါပြီ။ Rapper ကြီးတစ်ယောက် ဟောလီးဝုဒ်ရဲ့ Walk of Fame ဂုဏ်ပြုလျှောက်လမ်းမှာ ၂၇၇၅ ယောက်မြောက် အနုပညာရှင်အဖြစ် ဂုဏ်ပြုခံလိုက်ရတာပါ။

 

ဒီတစ်ပတ်ထဲလုပ်ခဲ့တဲ့ အဲဒီအခမ်းအနားကို အင်မင်နမ် Eminem၊ 50 Cent နဲ့ Snoop Dogg တို့လို Rap နဲ့ Hip-Hop လောကက ကျော်ကြားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

 

Dr. Dre ဟာ တေးဓာတ်ပြားတွေ သန်းနဲ့ချီရောင်းခဲ့ပြီးဖြစ်သလို ဂရမ်မီဂီတဆု ၉ ကြိမ်လည်းရထားတာပါ။

 

နွမ်းပါးဆိုးသွမ်းတဲ့ ရပ်ကွက်မှာ မွေးဖွားကြီးပြင်းခဲ့သူတယောက် အခုလို ဂုဏ်ပြုခံရတာမယ် မထင်ထားဘူးလို့ ပြောသွားပါတယ်။