ဂန့်ဂေါမြို့မရဲစခန်းရှိ အချုပ်ခန်းများတွင် အမိန့်ချမှတ်ပြီးဖြစ်သည့် နိုင်ငံရေးအချုပ်သားများကို ထောင်သို့မပို့ဘဲ ဆက်လက်ချုပ်နှောင်ထားသည်ဟုဆို
မကွေးတိုင်း၊ ဂန့်ဂေါမြို့မရဲစခန်းရှိ အချုပ်ခန်းများတွင် လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများ ဆိုးရွားစွာ ကြုံတွေ့နေကြရပြီး ထောင်ဒဏ်ချမှတ်ပြီးသော နိုင်ငံရေးအကျဥ်းသား ၄၀ ဦး ကျော်ကို ထောင်သို့ မပို့ဘဲ ရဲစခန်းတွင် ဆက်လက်ချုပ်နှောင်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က သတင်းထုတ်ပြန်လာသည်။
မြို့မရဲစခန်းအတွင်းရှိ အချုပ်ခန်းသုံးခုတွင် နိုင်ငံရေး ပုဒ်မနှင့် အမျိုးသား အမျိုးသမီး ၉၀ ဝန်းကျင်ကို မတရားဖမ်းဆီးထားပြီး ပုဒ်မ ၅၀၅ (က) အပါအဝင် အကြမ်းဖက် ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ၃ နှစ်မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ အမိန့်ချခံထားရသူ အမျိုးသား ၃၀ ဦးနဲ့ အမျိုးသမီး ၁၀ ဦး ရှိနေကြောင်း သိရသည်။
“ဖမ်းဆီးခံရတယ်အချိန်မှာ စစ်ကြောရေးတွေ ပို့တယ်ပေါ့နော် ။ စစ်ကြောရေးတွေမှာ စိစစ်ပြီး မြို့မရဲစခန်းကို ပို့တယ်။ မြို့မရဲစခန်းမှာလဲ သူတို့စစ်ဆေးဖို့လိုအပ်တဲ့အခါမှာ လာလာခေါ်ထုတ်တာတွေ ကြုံနေရပါတယ်။ အကျဥ်းထောင် မဟုတ်တော့ အကျဥ်းသားတွေက မိသားစုနဲ့ တွေ့ဆုံခွင့်မရတဲ့အတွက် တယောက်ခြင်းစီ ဘာဖြစ်နေတယ်ဆိုတာတော့ သိရှိဖို့ခက်ခဲတယ်။အဲ့လိုပဲ အကျဥ်ထောင်ကပေးတဲ့ အကျဥ်းသားတွေ လျော့ရက်ခံစားခွင့်တွေ ၊ နိုင်ငံတော်လွတ်ငြိမ်း စစ်ကောင်စီကပေးတဲ့လွတ်ငြိမ်းတွေမှာလဲ ၅၀၅ တွေကအစပေါ့နော် ထောင်ပုံစံ အကျုံးမဝင်တဲ့အတွက် မရကြဘူး”ဟု PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။
ရဲစခန်းတွင် (၁၀ ပေ × ၁၂ပေ) အကျယ်အဝန်းရှိ အချုပ်ခန်း သုံးခန်းသာရှိနေကြောင်း ၊ လူဦးရေ များပြားခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ဘေးတစောင်းနှင့် ခြေထောက်ချင်းထပ် အိပ်ရသလို အလှည့်ကျအိပ်စက်ရခြင်းများလည်း ရှိနေကြောင်း PPNM အဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၄ မတ် ၁၉ ရက်အထိ စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသူ ၂၆၂၅၁ ဦးအနက် ၂၀၁၁၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း ၊ ၎င်းတို့ အနက်မှ ၈၈၄၂ ဦးသည် ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP၏ မှတ်တမ်းများအရ သိရသည်။
ဓာတ်ပုံ – PPNM