ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ်(၅၄)အား စစ်ကောင်စီလက်အောက်ခံ တရားရုံးမှ လေလံတင်ရောင်းချရာတွင် ဝယ်ယူရဲသူမရှိခဲ့

Author စကားဝါ
Categories
Published on Mar 20, 2024

စစ်ကောင်စီမှ မတရားဖမ်းဆီးထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်သော ခြံအမှတ်(၅၄)အား စစ်ကောင်စီ လက်အောက်ခံ ကမာရွတ်ခရိုင် တရားရုံးမှ ယနေ့ မတ် ၂၀ရက်နေ့ မနက်ပိုင်းတွင် လေလံတင်ရောင်းချခဲ့ရာ ဝယ်ယူရဲသူမရှိခဲ့သဖြင့် ရောင်းချမှု အောင်မြင်ခဲ့ခြင်း မရှိခဲ့ကြောင်း ရန်ကုန်မြို့နေ တရားလွှတ်တော်အသိုင်းအဝန်းထံမှ သိရသည်။

 

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ပိုင်ဆိုင်သည့် မြေတိုင်းရပ်ကွက် အမှတ် ၃၆H ၊ မြေကွက်အမှတ် – ၄၀A၊ ၄၁၊ ၄၂၊ ၄၂A၊ ၄၄ B၊ ၄၄ C၊ ၆၄ C/1 ဧရိယာ ၁ ဒဿမ ၉၂၃ အကျယ်ရှိ မြေနှင့် မြေပေါ်ရှိ အဆောက်အဦးများကို ဒေါ်ခင်ကြည်၏ သားကြီးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုတော်စပ်သူ ဦးအောင်ဆန်းဦးမှ အမွေရလိုမှုဖြင့် တရားစွဲဆိုခဲ့ရာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အမှုနိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ လေလံတင်ရောင်းချခြင်းများကို လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

 

“မနက်ပိုင်းက လေလံပွဲပြီးသွားပြီ သုံးကြိမ်ကြော်ငြာတယ် ဘယ်သူမှ လေလံယူမယ့်သူမရှိဘူး အဲ့ဒါနဲ့ ပထမအကြိမ်တော့ မအောင်မြင်ခဲ့ဘူးပေါ့၊ ပထမအကြိမ် မအောင်မြင်ရင် နောက်ပိုင်းတွေ ထပ်ပြီးတော့ လေလံပစ်လိမ့်မယ်၊ လေလံကြမ်းခင်းစျေးက ၃၁၅ဘီလီယံတဲ့”ဟု ရန်ကုန်မြို့နေ တရားလွှတ်တော်ရှေ့နေတစ်ဦးမှ CJ Platform သို့ ပြောသည်။

 

သမိုင်းဝင် ခြံအမှတ်(၅၄)အား အမွေရလိုမှုဖြင့် ဦးအောင်ဆန်းဦးသည် အကြိမ်ကြိမ် တရားစွဲဆိုခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ခြံအတွင်းရှိ နှစ်ထပ်နေအိမ်နှင့် အနောက်ခြမ်းအား ဒေါ်အောင်ဆန်းစုကြည်မှ ရယူကာ ခြံအရှေ့ခြမ်းနှင့် တစ်ထပ်အိမ်အား ဦးအောင်ဆန်းဦးမှ ရယူရန် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ အမိန့်ချမှတ်ထားခဲ့ဖူးသည်။

 

“အခုက ဝယ်မယ့်သူမရှိသေးဘူးဆိုတာကလည်း စစ်တပ်နဲ့ပေါင်းပြီး အကွက်ထွင်တာလည်း ဖြစ်နိုင်တယ်၊ နိုင်ငံသမိုင်းအတွက် အဖိုးတန်တဲ့ ဒီခြံကို မင်းအောင်လှိုင်က အောင်ဆန်းဦးနဲ့ပေါင်းပြီး ဖျောက်ပလိုက်မှာကို စိုးရိမ်ရတယ်၊ အမေ့ကို မတရားဖမ်းဆီးထားချိန်မှာ အခုလိုလုပ်တာ မတရားဘူး” ဟု အဆိုပါ တရားလွှတ်တော်ရှေ့နေမှ ဆက်လက်ပြောသည်။