ပူတင် ငါးဆက်မြောက် သမ္မတဖြစ်လာသည့်အပေါ် မြန်မာစစ်ခေါင်းဆောင် သဝဏ်လွှာပေးပို့

Author လင်းနွေဦး
Categories
Published on Mar 19, 2024

ရုရှား သမ္မတ ဗလာဒီမာ ပူတင် ငါးဆက်မြောက် ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့်အပေါ် မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း ရုရှားသတင်းများတွင် ဖော်ပြချက်အရ သိရသည်။

 

ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို အပြည့်အဝထောက်ခံသကဲ့သို့ ပူတင်ကိုလည်း အပြည့်အဝထောက်ခံကြောင်း စစ်ခေါင်းဆောင်၏ သဝဏ်လွှာအတွင်း ဖော်ပြထားကြောင်း Al Mayadeen သတင်းတွင် ဖော်ပြထားသည်။ ထို့ပြင် ယခုရုရှားသမ္မတ၏ အောင်ပွဲသည် ရုရှားပြည်သူလူထုက ၎င်းကို မည်မျှထောက်ခံမှုပေးနေကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးက ဆက်ပြောထားသည်။ ထိုသတင်းတွင် စစ်ခေါင်းဆောင်ကို မြန်မာ ဝန်ကြီးချုပ်ဟု အီရန်မဟာမိတ် လက်ဘနွန်အခြေစိုက်သတင်းဌာန Al Mayadeen က သုံးနှုန်းဖော်ပြထားသည်။

 

ထိုသို့ ပူတင်ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပေ။

 

သမ္မတ ပူတင်၏ အနိုင်ရရှိမှုအပေါ် ကုလသမဂ္ဂ ခေါင်းဆောင်များ၊ ဥရောပ ကောင်စီ ဥက္ကဋ္ဌ၊ အင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ UK စသည့် အနောက်နိုင်ငံခေါင်းဆောင်များမှ မသိကျိုးကျွံပြုခဲ့ကြသော်လည်း ပူတင်ကဲ့သို့ နိုင်ငံ့အာဏာကို နှစ်ရှည်ရယူရန်ကြံစည်ထားကြသော မြန်မာစစ်ခေါင်းဆောင်အပါအဝင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း၊ တရုတ်သမ္မတ ရှီကျင်ဖျင်နှင့် အီရန်ခေါင်းဆောင်တို့က ဝမ်းသာစကားပြောကြားကာ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

 

“ဒီလိုအခြေအနေအခါသမယအတွက် တရုတ်နိုင်ငံမှ ဝမ်းသာစကားဆိုလိုက်ပါတယ်။ သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ ပူတင်တို့ရဲ့ နည်းစနစ်တကျ ခေါင်းဆောင်မှုအောက်မှာ တရုတ်နဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေးဟာ ပိုပြီးတိုးတက်ကောင်းမွန်လာဖို့ပဲရှိပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျီအန်က မတ်လ ၁၈ ရက်နေ့ တနင်္လာနေ့က တရုတ်ဒေသတွင်း သတင်းထောက်များ ရှေ့မှောက်၌ ပြောကြားသည်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကမူ ၎င်း၏ ဂုဏ်ပြုစကားကို ရုရှားမြို့တော် မော်စကိုရှိ မြောက်ကိုရီးယားသံရုံးမှတစ်ဆင့် သမ္မတ ပူတင်ထံပေးပို့ခဲ့ကြောင်း Al Mayadeen သတင်းဌာနက ဖော်ပြသည်။

 

လက်ရှိ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသည့် အစ္စရေး-ဟားမက်စ်စစ်ပွဲအတွင်း ဟားမက်စ်စစ်အုပ်စုကို ကျောထောက်နောက်ခံပေးထားသည့် အီရန်နိုင်ငံ သမ္မတ အီဘရာဟမ် ရိုင်စီ(Ebrahim Raisi)ကလည်း မော်စကိုရှိ အီရန်သံရုံးမှတစ်ဆင့် “သမ္မတပူတင်၏ အနိုင်ရရှိမှုနှင့် ပြန်လည်ရွေးကောက်ခံရမှုအပေါ် ဂုဏ်ပြုစကားဆိုကြောင်း” ပေးပို့ခဲ့သည်။

 

ဗင်နီဇွဲလားနိုင်ငံ သမ္မတအပါအဝင် အရှေ့ဥရောပနိုင်ငံများဖြစ်သည့် ဥဘက်ကစ္စတန်၊ ကာဇက်စတန်၊ ဘယ်လာရုစ်၊ တာဂျစ်ကစ္စတန် စသည့်နိုင်ငံများကလည်း ရုရှားသမ္မတထံ ဂုဏ်ပြုစကားများ ပေးပို့ခဲ့ကြသည်။