ဥသျှစ်ပင်စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရခိုင်သို့ ကုန်စည်မှောင်ခိုတင်သွင်းခွင့်ပြုမှုဖြင့် တစ်လလျှင် သိန်းထောင်ချီရနေ
ရခိုင်ပြည်၊ တောင်ပိုင်းနယ်မြို့များသို့ အဓိကကုန်စည်စီးဆင်းရာ ပြည်-တောင်ကုတ်လမ်းမကြီးပေါ်ရှိ ဥသျှစ်ပင်မြို့ စစ်ဆေးရေးဂိတ်များရှိ စစ်ကောင်စီအရာရှိများအပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ တစ်လလျှင် သိန်းထောင်နှင့်ချီရရှိနေကြောင်း CJ Platform ၏ ဌာနတွင်း သတင်းရင်းမြစ်များက ပြောသည်။
ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စစ်ကောင်းစီအရာရှိများပူးပေါင်း၍ ဥသျှစ်ပင်မှတစ်ဆင့် ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များသို့ စက်သုံးဆီနှင့် ကုန်စည်များမှောင်ခိုတင်သွင်းနေခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ဌာနတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဥသျှစ်ပင်မြို့သည် ပဲခူးတိုင်း၏ အနောက်ဘက် အစွန်ဆုံးမြို့ဖြစ်ပြီး မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ဟူ၍ တိုင်း(၃)တိုင်းနှင့် ပြည်နယ်(၁)ခုဆုံရာ နယ်မြေအစပ်မြို့ဖြစ်သည့်အပြင် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီးနှင့် ပြည်-တောင်ကုတ်ပြည်ထောင်စုလမ်းမကြီးတို့ဆုံရာ လမ်းဆုံမြို့လည်းဖြစ်သည့်အတွက် စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး များစွာအချက်အချာကျသော ကုန်စည်စီးဆင်းမှုကောင်းမွန်သည့်မြို့တစ်မြို့ဖြစ်သည်။
တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲ၊ မအီ၊ ကျောက်ဖြူ၊ ဂွစသည့် ရခိုင်ပြည်နယ်တောင်ပိုင်းမြို့ များသို့ ဌာနဆိုင်ရာလုပ်ငန်းသုံးကားများဖြင့် စက်သုံးဆီများနှင့် အခြားသောကုန်စည်များကို ခိုးဝှက်သယ်ဆောင်နေကြပြီး စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရာတွင် ဌာနဆိုင်ရာကားများဖြစ်ခြင်းကြောင့် စစ်ဆေးမှုမခံရဘဲ လွယ်ကူစွာသယ်ဆောင်ခွင့်ရနေသည်ဟု ဥသျှစ်ပင်မြို့ ဌာနတွင်းသတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ဌာနအလုပ်အယောင်ပြပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူးတွေနဲ့ ဌာနတာဝန်ခံတွေ နှစ်ဖက်ပူးပေါင်းပြီး ဆီနဲ့ အခြားကုန်စည်တွေသယ်တယ်။ စစ်ဆေးရေးဂိတ်တွေကို ကြိုပြောထားတာမျိုးရှိတယ်။ ဂိတ်ကြေးတော့ ပေးရတာပေါ့။ သဲတို့၊ ကျောက်တို့တင်တဲ့ ကားတွေအောက်မှာ ဆီတွေတင်တယ်။ ပြီးရင် အပေါ်က သဲဖုံးတယ်။ စစ်ဆေးရေးဂိတ်က ကောင်တွေလည်း သူဌေးဖြစ်နေပြီ။ အထက်ကကောင်တွေဆို ပြောမနေနဲ့တော့” ဟု ယင်းဌာနတွင်း သတင်းရင်းမြစ်က CJ Platform သို့ ပြောသည်။
ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပါအဝင် စစ်ကောင်စီစိုးမိုးမှုအားကောင်းသည့်ဒေသများတွင် စက်သုံးဆီတစ်လီတာ ဈေးနှုန်းမှာ ကျပ် ၂၅၀၀ နှင့် ၃၀၀၀ ကျပ်အတွင်းသာရှိသော်လည်း စစ်မျက်နှာများပြားနေသည့် ရခိုင်ပြည်အတွင်း အထူးသဖြင့် ရခိုင်တောင်ပိုင်းမြို့နယ်များတွင် စက်သုံးဆီ တစ်လီတာဈေးမှာ ၉၀၀၀ ကျပ်မှ ကျပ်တစ်သောင်းကျော်အထိ ပေါက်စျေးရှိကြောင်း၊ ကုန်စည်များမှာလည်း ပုံမှန်ထက် သုံးဆခန့်ဈေးတက်နေသည်ဟု ဒေသခံများပြောကြားချက်အရ သိရသည်။
ယင်းကဲ့သို့ စက်သုံးဆီနှင့်ကုန်စည်များ မှောင်ခိုတင်သွင်းခြင်းကို နောက်ကွယ်မှ ကြိုးကိုင်သူဌာနဆိုင်ရာနှင့် တပ်ပိုင်းအရာရှိကြီးများ ဝင်ငွေသည် ထောင်ဂဏန်းအထိရှိနေကြောင်း ဌာနတွင်းသတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
“ဉသျှစ်ပင် စစ်ဆေးရေးဂိတ်က ကောင်တွေဆို တစ်လတစ်လ သိန်းထောင်ချီရတယ်။ ဗိုလ်မှူးအဆင့်ဆိုရင် တစ်လကို သိန်းငါးထောင်လောက်ရတယ်။ သာမန် အခြေခံအဆင့်တောင် တစ်လကို ရာချီရနေတယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။
ရခိုင်ပြည်နယ်အနှံ့တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများပြင်းထန်နေကာ စစ်ကောင်စီမှ ၎င်းတို့ထိန်းချုပ်ထားနိုင်သေးသည့် မြို့ကြီးများတွင် ကုန်သွယ်ရေးလမ်းမကြီးများကိုပိတ်ဆို့ တားဆီးချုပ်ကိုင်ထားခြင်းကြောင့် ကုန်စည်များနှင့် စက်သုံးဆီများ ရခိုင်ပြည်မြို့များအတွင်း ဝင်ရောက်ရန်မလွယ်ကူသည့်အပေါ် ယခုကဲ့သို့ အမြတ်ထုတ်စီးပွားရှာမှုများ ရှိနေခြင်းဖြစ်သည်ဟု ရခိုင်ဒေသခံများနှင့် ဌာနတွင်းသတင်းရင်းမြစ်များက ထပ်တူမှတ်ချက်ပြုပြောကြားသည်။