မန္တလေးနဲ့ ည ၇ နာရီနောက်ပိုင်းမထွက်ရ

Author MM
Categories
Published on Mar 14, 2024

ဒီရက်ပိုင်း အလုပ်ကိစ္စတစ်ခုနဲ့ ကျွန်တော် မန္တလေးဘက်ကို တစ်ခေါက်ရောက်ဖြစ်ခဲ့ပါတယ်။ ကျွဲဆည်ကန်ကားဝန်းထဲ ရောက်တဲ့အချိန်က ညနေ ၆ နာရီ။

 

တည်းမယ့်နေရာက နည်းနည်းဝေးတော့ သုံးဘီးငှားလိုက်ပါတယ်။ သုံးဘီးဆရာကို သွားချင်တဲ့နေရာကိုပြောပြီး ‘ဟိုရောက်မှပဲ အပြင်ပြန်ထွက် ထမင်းသွားစားမယ်’ လို့ ကိုယ့်ဘာကိုယ်ရေရွတ်သလိုပြောတာကိုကြားတဲ့ သုံးဘီးဆရာဆီကနေ ဒီစကားထွက်လာပါတယ်။

 

“ ခုတောင် ၆ နာရီကျော်နေပြီ။ ဟိုရောက်မှ ပြန်ထွက်ပြီး ထမင်းစားမယ်ဆိုရင် အဆင်မပြေဘူးနော်။ မန္တလေးမှာ ည ၇ နာရီနောက်ပိုင်း ဘယ်သူမှ မထွက်ကြဘူး” လို့ သုံးဘီးဆရာက ပြောပါတယ်။

 

ဒါကြောင့် တအံ့တဩပါးစပ်အဟောင်းသားနဲ့ “ဘာလို့မထွက်ကြတာလဲ” လို့ မေးကြည့်လိုက်တော့ သုံးဘီးဆရာက “ည ၇ နာရီနောက်ပိုင်းထွက်တဲ့သူတွေကို စစ်တပ်က တွေ့ရင်ဖမ်းခေါ်သွားကြတယ်” လို့ ဆက်ပြောပြပါတယ်။

 

အဲဒီလိုတွေ စဖြစ်လာတာကတော့ ဖေဖော်ဝါရီလအတွင်း အတည်ပြုလိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေ ထွက်လာပြီးနောက်ပိုင်းမှာ မန္တလေးရဲ့ ညတွေဟာ ခြောက်ကပ်သွားခဲ့တာပါ။

 

စစ်တပ်ကနေ မန္တလေးမြို့စွန်ဘက်မှာရှိတဲ့ ရပ်ကွက်တွေကနေ စစ်မှုထမ်းဖို့ အုပ်ချုပ်ရေးမှူးတွေဆီကနေ လူတောင်းတဲ့အခါမှာ အုပ်ချုပ်ရေးမှူးက လူမုန်းမခံလိုတဲ့အတွက် သူ့အနေနဲ့ လူထုတ်မပေးနိုင်ကြောင်း ည ၇ နာရီ နောက်ပိုင်းထွက်တဲ့သူ ခေါ်ချင်က ခေါ်သွားနိုင်ကြောင်း ညှိနှိုင်းအပြီးမှာ အခုလိုတွေဖြစ်လာတာပါ။

 

“မြို့စွန်ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့ လူစာရင်းတွေလိုက်ကောက်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လူတောင်းတယ်။ အဲဒီမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူကတော့ လူတော့ထုတ်မပေးနိုင်ဘူး။ ည ၇ နာရီနောက်ပိုင်းတွေ့တဲ့သူကို ဆွဲခေါ်သွားလို့ရတယ်ဆိုပြီး စစ်တပ်နဲ့ နားလည်မှုယူလိုက်တာ” လို့ မန္တလေးမြို့ခံတစ်ယောက်က ပြောပါတယ်။

 

ည ၇ နာရီနောက်ပိုင်းအပြင်မထွက်ကြဖို့ကိုလည်း အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်တွေထဲ လိုက်လံကြေညာထားကြပြီး အပြင်ထွက်လို့ ဖြစ်လာတဲ့ပြဿနာတွေကို သူတို့ တာဝန်မယူဘူးလို့ ဆိုကြပါတယ်။

 

သို့ပေမဲ့ စစ်တပ်ကတော့ ၇ နာရီနောက်ပိုင်းရယ်လို့မဟုတ်ဘဲ ညနေပိုင်း သူတို့လှည့်ကင်းတွေနဲ့ တိုးပါက ဖမ်းချင်ရင်ဖမ်းခေါ်သွားတာပဲလို့ အဆိုပါ မြို့ခံက ဆက်ပြောပါတယ်။

 

“ ကျွန်တော်တို့လည်း ည ၇ နာရီနောက်ပိုင်း သုံးဘီးဆွဲလို့ အဆင်မပြေတော့ဘူး။ တော်ရုံတန်ရုံလူကလည်း မထွက်တော့ဘူး။ ကျွန်တော်တို့ သုံးဘီးနဲ့သွားလို့ သူတို့ လှည့်ကင်းကားနဲ့ မတွေ့ရင်က ဘာမှမဖြစ်ပေမဲ့ တွေ့ရင်တော့မချောင်ဘူး။ အဲဒီလိုမျိုး လှည့်ကင်းနဲ့တိုးပြီး အဖမ်းခံရတဲ့သူတွေလည်း ရှိတယ်” လို့ မန္တလေးမြို့မှာ သုံးဘီးပြေးဆွဲနေသူ သုံးဘီးဆရာတစ်ဦးက ပြောပါတယ်။

 

ဒါပေမဲ့လည်း မြို့စွန်ဘက်တွေမှာသာ ည ၇ နာရီနောက်ပိုင်း မထွက်ကြပေမဲ့ မြို့ထဲဘက်မှာတော့ ညပိုင်းထွက်ကြတဲ့သူတွေအနည်းငယ်တော့ရှိနေပါသေးတာကို တွေ့မြင်ခဲ့ရပါတယ်။

 

“ မြို့ထဲမှာတော့သိပ်ပြဿနာမရှိဘူး။ ညပိုင်းထွက်လို့လည်း ရတယ်။ ဒါပေမဲ့ သိပ်တော့မထွက်ကြတော့ပါဘူး။ သူတို့နဲ့တွေ့ရင်က အဖမ်းခံရနိုင်ချေများတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် မန္တလေးမြို့တွင်းမှာလည်း စစ်မှုထမ်းဖို့အတွက် စစ်တပ်၊ ရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ လူတွေ စုစည်းပြီး လိုက်လံစည်းရုံးမှုတွေ၊ လက်ကမ်းစာစောင်ဝေငှတာတွေ လုပ်ဆောင်နေပါသေးတယ်။

 

“စစ်မှုထမ်းဖို့ နေ့ဘက်တွေမှာ လိုက်ပြီးတော့ စည်းရုံးတဲ့ပုံစံတွေ လုပ်တယ်။ လက်ကမ်းစာစောင်ဝေတာတွေလည်းရှိတယ်။ ဒါပေမဲ့ ညဘက်မှာတော့ သူတို့နဲ့ မတွေ့အောင်ဝေးဝေးရှောင်တာအကောင်းဆုံးပဲ။ တွေ့ရင်တော့ ပါသွားမှာပဲ။အခုဆိုရင် ည ၇ နာရီနောက်ပိုင်း ဘယ်သူမှ သိပ်မထွက်ရဲကြတော့ဘူး” လို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းမထမ်းမနေရဥပဒေအကြောင်းပြ လုပ်ဆောင်မှုတွေကြောင့် မန္တလေးမြို့က လမ်းမတွေဟာ ခြောက်ကပ်ကပ်။ အရင်က မန္တလေးကိုရောက်ရင် စည်ကားသိုက်မြိုက်ခဲ့တာ အိပ်မက်လိုပါပဲ။

 

အခုတော့ မန္တလေးဝယ် ည ၇ နာရီနောက်ပိုင်း လူလူချင်းစွဲမှာ ကြောက်ရတဲ့တစ်ခေတ်ကို ပြန်ရောက်နေပါပြီလော… လို့ပင် ကျွန်တော် တွေးလိုက်မိပါတယ်။

 

ဓာတ်ပုံ – AT