ရန်ကုန် မြို့နယ်အချို့တွင် စစ်မှုထမ်းရန် စာရင်းကောက်ပြီး မကြာမီ လာခေါ်ခံရသူများရှိ

Published on Mar 14, 2024

ရန်ကုန်တိုင်း‌အတွင်းရှိ မြို့နယ်အချို့တွင် စစ်မှုထမ်းရန် စာရင်းကောက်ခံရပြီးနောက် မကြာမီတွင် လာရောက်ခေါ်ဆောင်ခံရမှုများရှိလာ‌ကြောင်း ခေါ်ဆောင်ခံရသည့်တစ်ရပ်ကွက်တည်းနေသည့် လူငယ်အချို့ထံမှ သိရသည်။

 

ဒဂုံမြို့နယ်(အရှေ့ပိုင်း) ရပ်ကွက်တစ်ခုတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်မှုထမ်းရန် လူစာရင်းလိုက်လံကောက်ခံခဲ့ပြီး သုံးရက်အကြာတွင် လူစာရင်းထဲပါသည့် လူငယ်အချို့ကို လာရောက်ခေါ်ဆောင်သွားကြောင်း ယင်းမြို့ခံလူငယ်တစ်ဦးက ပြောသည်။

 

“ကျွန်တော်တို့ရပ်ကွက်မှာ စစ်မှုထမ်းဖို့ဆိုပြီး လူစာရင်းလာကောက်တုန်းက ကျွန်တော်အိမ်မှာတော့ရှိမနေဘူး။ အိမ်ပြန်ရောက်တော့ အမေက သားနာမည်တော့စာရင်းထဲပါသွားပြီလို့ပြောတယ်။ ညနေမှာပဲ လူစာရင်းထဲမှာပါတဲ့ ရပ်ကွက်ထဲက လူငယ်တချို့ကို လာခေါ်သွားတယ်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိဘူး။ ကိုယ့်အိမ်မှာ ကိုယ်နေရင်းနဲ့ ကြောက်နေရတယ်” ဟု အဆိုပါလူငယ်က ပြောသည်။

 

ထို့ပြင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း စစ်မှုထမ်းရမည်ဟုဆိုကာ စစ်တပ်၊ ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းလူများက နာမည်စာရင်းလိုက်လံကောက်ခံခဲ့ကြောင်း သိရသည်။

 

“ တောင်ဒဂုံမှာတော့ စစ်မှုထမ်းဖို့ဆိုပြီး စာရင်းလာကောက်သွားတာ ကျွန်တော်တို့လည်းပါသွားတယ်။ အိမ်က အမေကလည်း ငို။ ရပ်ကွက်ထဲမှာလည်း စစ်မှုထမ်းစာရင်းထဲ ပါသွားလို့ ငိုတဲ့သူနဲ့ လမ်းတွေပျောက်နေတယ်။ ဒီကောင်တွေဆီမှာ စစ်မှုလည်းမထမ်းချင်ဘူး။ ဘာလုပ်ရမှန်းလည်း မသိဘူး။ စာရင်းထဲပါသွားတဲ့ တချို့သူတွေဆိုရင် တစ်ခါတည်းဆွဲခေါ်သွားတာမျိုးတွေပါရှိတယ်” ဟု တောင်ဒဂုံမြို့နယ်တွင်နေထိုင်သည့် လူငယ်တစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်မှုမထမ်းမနေရဥပဒေကို စစ်ကောင်စီက တရားဝင် အတည်ပြုကြောင်း ကြေညာခဲ့ပြီးနောက် စစ်တပ်ပိုင်မီဒီယာအချို့မှ ချက်ချင်း ခေါ်ယူမည်မဟုတ်ကြောင်း ပြောကြားမှုများရှိခဲ့သော်လည်း မတ်လ အစပိုင်းမှစတင်ကာ ရန်ကုန်မြို့ရှိ မြို့နယ်အများအပြားတွင် စစ်မှုထမ်းရန် လူစာရင်းလိုက်လံကောက်ခံမှုများ ရှိလာခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် လူစည်ကားရာနေရာအချို့တွင်လည်း စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက စစ်မှုမထမ်းမနေရဥပဒေနှင့်ပတ်သက်သည့် ရှင်းလင်းထားသော လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေပြီး စစ်မှုထမ်းရန် လှုံ့ဆော်မှုများ လုပ်ဆောင်လျက်ရှိသည်။