ဒိုက်ဦးအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားတစ်ဦး ဆေးဝါးကုသခွင့် မရှိသဖြင့် အသက်ဆုံးပါး

Author ဂျွန်နသန်
Categories
Published on Mar 09, 2024

ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးဝါးလုံလောက်စွာ ကုသခွင့်မရသဖြင့် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း PPN Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းနိုင်ငံရေးအကျဉ်းသားသည် မည်သည့်ရောဂါဖြင့် သေဆုံးရသည်ကို မသိရှိရပဲ ယခင်က အစာအိမ်အောင့်ခြင်းမျိုး မကြာခဏ ဖြစ်လေ့ရှိပြီး မသေဆုံးမီရက်ပိုင်း အလိုတွင် ဝမ်းချုပ်ခြင်းနှ င့်အစာအိမ်နာကျင်စွာ အောင့်ခြင်းဝေဒနာကို ခံစားခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPN Myanmar ကော်မတီဝင်တစ်ဦးမှ ဆိုသည်။

 

အသက် ၆၄ နှစ်ရှိပြီဖြစ်သော နိုင်ငံရေးအကျဉ်းသား ဦးခင်စိုးမှာ ရောဂါဝေဒနာကို လွန်ခဲ့သည့် ၂ လ ဇန်နဝါရီလကတည်းကပင် ခံစားနေခဲ့ရပြီး ကျမ်းမာရေးမကောင်းသည့်အတွက် ဆေးကုသခွင့် တောင်းခံခဲ့သော်လည်း ထောင်အာဏာပိုင်များမှ ခွင့်ပြုပေးခဲ့ခြင်းမရှိကြောင်း သိရသည်။

 

“အဲ့ဒီနေ့ညက ရောဂါခံစားရတဲ့အတွက် အရေးပေါ်အော်ပြီး အကြောင်းကြားတယ်ပေါ့နော် ၊သို့သော် ဆရာဝန်တွေ အချိန်မီရောက်မလာဘူး၊ ဝန်ထမ်းငယ်တွေတော့ ရောက်လာခဲ့တယ်၊ သတင်းပို့ထားတယ်လို့ ပြောပေမယ့် နောက်ဆုံး မနက်ခင်းလောက်ထိကို သက်သာနိုးသက်သာနိုးနဲ့ စောင့်နေရင်း မနက်လင်းကာနီးမှာ ရောဂါပြင်းပြင်းထန်ထန်ခံစားရပြီး သေဆုံးသွားခဲ့တယ်လို့သိရတယ်” ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးမှ CJ Platform ကိုပြောသည်။

 

သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ဦးခင်စိုးသည် ဝေါမြို့နယ်၊ ကတွတ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး သားဖြစ်သူမှာ ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်မှုအတွင်း ပါဝင်ပတ်သက်သည်ဟု စွပ်စွဲချက်ဖြင့် လာရောက်ဖမ်းဆီးခဲ့ရာ သားဖြစ်သူကို မတွေ့သဖြင့် စစ်ကောင်စီမှ ၎င်းအား ဖမ်းဆီးခဲ့ကာ ဝေါမြို့နယ်တရားရုံးမှ ပုဒ်မ ၅၂(က)၊ပုဒ်မ ၅၀(ည) တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်ဒဏ် (၁၄)နှစ် အမိန့်ချမှတ်ခံထားရပြီးနောက် ထောင်တွင်းဆေးဝါးကုသမှု မလုံလောက်သဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

 

ဒိုက်ဦး ဗဟိုအကျဥ်းထောင်တွင် တစ်လအတွင်း ဆေးဝါးလုံလောက်စွာ ကုသမူမရခြင်းကြောင့် သေဆုံးသူနှစ်ဦးထိ ရှိလာပြီး မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် ဆေးဝါးမလုံလောက်သဖြင့် သေဆုံးသူဦးရေအတွက်မှာ ၂၀၂၄ခုနှစ်အတွင်းမှာပင် ခုနစ်ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM)  က ထုတ်ပြန်ထားပြီး  လက်ရှိအချိန်အထိ အကျဥ်းထောင်အတွင်းမှာ ဖမ်းစီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား ဦးရေသည် ( ၂၀၁၀၁)  အထိ ရှိနေပြီဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ သိရသည်။

 

ဓာတ်ပုံ – Google