ဒါကြောင့်… ရန်ကုန်မှာ သတိနဲ့ နေပါ

Author MM
Categories
Published on Mar 06, 2024

ရန်ကုန်လို မြို့ကြီးပြကြီးက လူတွေဟာ အကြောက်တရား အမျိုးမျိုးနဲ့ စိုးမိုး နေထိုင်နေရပါတယ်။ စစ်ကောင်စီ တပ်သား၊ ရဲသားတွေရဲ့ ဖမ်းဆီးငွေညှစ်မှာကို ကြောက်ရသလို အဲဒီလိုအဖွဲ့အစည်းတွေရဲ့ လက်အောက်ခံတွေဖြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ပျူစောထီးလို့ခေါ်ကြတဲ့ လူမိုက်တွေရန်ကိုလည်း ကြောက်နေရတာပါ။

 

ဒါ့အပြင် လမ်းပေါ်ဆို လုယက်မယ့်သူ၊ ကားပေါ်ဆို ခါးပိုက်နှိုက်မယ့်သူ ဆိုပြီး အကြောက်တရား အမျိုးမျိုးရယ်နဲ့ပါ။

 

“အမလေး လုပ်ကြပါဦး’ ‘ပါသွားပြီ’ ‘ဖုန်းပါသွားပြီ’ ‘ပိုက်ဆံအိတ်ပါသွားပြီ’ ‘ပိုက်ဆံတွေ ယူရင်ယူသွားပါ။ မှတ်ပုံတင်လေးတော့ထားခဲ့ပေးပါ’ ‘ကားဆရာ ခဏရပ်ပါဦး၊ ခါးပိုက်နှိုက်ခံရလို့’ ‘ခုနက ဘေးကပြေးဆင်းသွားကြတဲ့ကောင်တွေ နှိုက်သွားတာ’

ဒါက YBS ကားပေါ်က ကြားရတဲ့အသံတွေရယ်ပါ။

 

ဒီလိုအသံမျိုးတွေ ရန်ကုန်လိုမြို့ကြီးမှာ အရင်ကလည်း ကြားသိခဲ့ရတယ်ဆိုပေမဲ့ မျက်မြင်တွေ့သူတော့ နည်းကြပါမယ်။ အခုတော့ တစ်ဆင့်ပြောစကားနဲ့ အကြားတင်မဟုတ်။ မျက်မြင်တွေ့သူတွေပင် ထုနဲ့ ထေး။

 

“ခါးပိုက်နှိုက်တယ်ဆိုတာ မမြင်ချင်မှအဆုံး။ မြင်လည်း မသိချင်ယောင်ဆောင်ခဲ့ရတယ်။ ပြောရင် ဓားနဲ့တွတ်(ထိုး)မယ့်သူတွေက ကိုယ့်နားဝိုင်းနေတာ” လို့ ပြောလာသူက ကိုဇော်(အမည်လွှဲ)။ သူက အိမ်၊ ဘုရား၊ ကျောင်း၊ အဆောက်အအုံမျိုးစုံ ဆေးသုတ်တဲ့အလုပ်လုပ်သူပါ။ ဆေးသုတ်သမားတစ်ဦးပီပီ ရန်ကုန်မြို့တွင်း လုပ်ငန်းခွင်ရှိရာနေရာအတော်များများကို လိုင်းကားမျိုးစုံစီးနင်း သွားလာရသူဖြစ်ပါတယ်။

 

ရန်ကုန်မြို့ထဲက ခါးပိုက်နှိုက်တွေက တစ်ဦးတစ်ယောက်တည်းတော့မဟုတ်။ အုပ်စုနဲ့ မိုက်နေသူတွေ။

 

ဒါကြောင့် ကိုဇော်တို့လို ယောကျ်ားသားတွေအပါအဝင် အကြောင်းသိသူတော်တော်များများက လက်ရှောင်ကြပါတယ်။

 

တစ်ဦးက နှိုက်၊ တစ်ဦးကို လက်လွှဲ၊ တစ်ဦးကနေ နောက်တစ်ဦးဆီပို့၊ မိသွားရင် အုပ်စုဖွဲ့ ရန်ရှာ၊ ဓားတိုမဟုတ်ရင် တိုက်ခိုက်ဖို့ အချွန်အတက်တစ်ခုမဟုတ် တစ်ခု ပါကြသူတွေဟာ ခါးပိုက်နှိုက်တွေပဲဖြစ်ပါတယ်။

 

ခါးပိုက်နှိုက်တွေ့တာကို သတိပေးမိတဲ့ကောင်လေးတစ်ယောက် ရိုက်နှက်ခံရတဲ့ဖြစ်စဉ်ကို မျက်မြင်တွေ့ဖူးသူ ကိုဇော်ရဲ့သူငယ်ချင်းပြောပြတာကို အခုလိုဖောက်သည်ချပါတယ်။

 

“သူတို့က အဲဒီကောင်လေးဆင်းတဲ့မှတ်တိုင်အထိလိုက်လာတာ။ ဆင်းပြီဆိုမှ ‘မင်းက ငါ့မိန်းမကို ကြာခိုတဲ့ကောင်၊ မင်းက ကြွက်ပျင်း ဘာညာဆိုပြီး ပုဂ္ဂိုလ်ရေးပြဿနာတက်သလို ဘာလိုလိုနဲ့ ဟိုဘက်က ဘာမှမပြောနိုင်အောင် ဒလစပ်ဝိုင်းရိုက်ကြတာ” လို့ ကိုဇော့်သူငယ်ချင်းက ပြောပြတာကို ပြန်ပြောပါတယ်။

 

ဒီလိုမျိုးဖြစ်စဉ်တွေ နေ့စဉ်နဲ့အမျှ ရန်ကုန်မြို့က YBS စီးနင်းသူတွေကြား ကြုံတွေ့နေရသည်မှာ အမှန်။

 

“ကျွန်တော် သန်လျင်ကနေ အလုပ်ကိုလာတာ။ ဆင်းခါနီး လူသုံးလေး‌ယောက် ကျွန်တော့်အနားကို ဝိုင်းလာပြီး ပိတ်ထားတယ်။ ကျွန်တော်သတိထားပြီး ဖုန်းကိုစစ်ကြည့်တော့ ဖုန်းမရှိတော့လို့ ဒီကောင်တွေမှန်း သိလိုက်တဲ့အတွက် ဖုန်းကိုပြန်‌ပေးဖို့ တောင်းတဲ့အခါမှာ အုပ်စုလိုက်ပြန်ပြီးရန်ရှာတာ ခံခဲ့ရတယ်။ ကျွန်တော်လည်း ဒီတိုင်းပဲ ဆင်းလာခဲ့လိုက်ရတယ်” လို့ သန်လျင်မှ တောင်ဥက္ကလာသို့ အလုပ်ဆင်းသူ ဝန်ထမ်းတစ်ဦးက သူကြုံတွေ့ခံစားခဲ့ရတာကိုပြောပြပါတယ်။

 

ဒါဟာ လိုင်းကားပေါ်မှာဖြစ်နေတဲ့ အဖြစ်အပျက်အချို့သက်သက်ရယ်ပါ။

 

ရပ်ကွက်အတွင်းမှာဖြစ်ဖြစ်၊ လမ်းမပေါ်မှာဖြစ်ဖြစ် တစ်ဦးတစ်ယောက်တည်း လမ်းလျောက်နေရင်ဖြစ်စေ မျက်လုံးပေါင်းများစွာက သင့်ကို လုယက်ဖို့ချောင်းနေကြတာပါ။

 

လမ်းလျောက်နေတဲ့အချိန် တစ်ဖက်လမ်းက လူနှစ်ယောက်က ခါးကြားမှ ဓားကိုနှိုက်ပြီး ကိုယ့်ကို ဓားထောက်လုယက်မယ့်ပုံနဲ့ လမ်းကူးလာပုံ ကြုံရတဲ့အကြောင်း CJ Platform ရဲ့ သတင်းရင်းမြစ် လူငယ်တစ်ဦးက အခုလို ဖွင့်ဟပြောကြားလာပါတယ်။

 

“ကျွန်တော်က အလုပ်ကိစ္စနဲ့ အပြင်ထွက်တာ။ လမ်းက လူက ရှင်းနေတဲ့အချိန်၊ တစ်ဖက်လမ်းမှာ လူနှစ်ယောက်က ကျွန်တော့်ကိုကြည့်နေတာတွေ့လို့ သေချာကြည့်လိုက်တဲ့အခါမှာ ခါးကြားမှာ ထိုးထားတဲ့ဓားကို သူတို့က ထုတ်နေပြီးတော့ ကျွန်တော့်ဆီကိုလာနေပြီ။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ လူများတဲ့နေရာရောက်တဲ့အထိပြေးခဲ့မှ သူတို့လည်းမလိုက်တော့ဘဲကျန်ခဲ့တယ်” လို့ သူက ဆိုပါတယ်။

 

ဒီလိုမျိုးဖြစ်စဉ်မျိုးတွေက တစ်ခုနှစ်ခုမဟုတ်။ နေ့စဉ်နေ့တိုင်း ကြုံတွေ့နေရသည်သာ။ သတင်းမတက် လူမသိလိုက်၍သာ မသိကြရတာပါ။ မြို့ခံတွေအနေနဲ့ တစ်နေ့ ဖြစ်စဉ်နှစ်ခု၊ သုံးခု အနည်းဆုံးကြားသိနေတာမျိုးဖြစ်ပါတယ်။

 

“ကျွန်တော်ကားစီးပြီး ရုံးလာတော့ လူသုံးယောက်ကျွန်တော့်နောက်ကို တောက်လျောက်လိုက်နေတာ။ မသင်္ကာလို့ ဆင်းမယ့်နေရာမဟုတ်ဘဲ ဆင်းတော့လည်း လိုက်လာတယ်။ ပြီးတော့ ကားပြန်စီးတော့လည်း ထပ်လိုက်လာတယ်။ အဲဒါနဲ့ ကျွန်တော်ဆင်းရမယ့်နေရာရောက်တော့ အနားမှာ ယာဉ်ထိန်းရုံးရှိတာနဲ့ ယာဉ်ထိန်းရဲကိုအကူအညီတောင်းပြီး အထဲဝင်သွားတော့မှ မလှမ်းမကမ်းကနေ စောင့်ကြည့်ပြီးလှည့်ထွက်သွားတယ်” လို့ လုယက်ရန် လိုက်ခံရသူတစ်ဦးက ပြောပြပါတယ်။

 

အဲဒီလိုအပြင် ရန်ကုန်မှာ ညဘက်မိုးချုပ်အိမ်ပြန်နောက်ကျရင်လည်း လုယက်ခံရနိုင်သလို အပြင်းပြေဘီယာသောက်ပြီး ပြန်ရင်လည်း လုယက်ခံရနိုင်ပါတယ်။

 

လောလောလတ်လတ် မတ်လ ၃ ရက်နေ့ကပင် သင်္ဃန်းကျွန်းနဲ့ ‌တောင်ဥက္ကာလာပမြို့နယ်ကြား ဘီယာသောက်ပြီးပြန်လာတဲ့ လူငယ်တချို့ကို အမျိုးသမီးတွေပါဝင်တဲ့ လူဆယ်ဦးကျော်က အုပ်စုဖွဲ့ရိုက်နှက်လုယက်ခဲ့တာပါ။

 

ဒါတွေကို သတိပြုသင့်တဲ့ ရန်ကုန်မြို့မှာနေရတာက ကျီးလန့်စာ စားနေရသလိုပါပဲ။

 

စစ်ကောင်စီတပ်သားတွေကလည်း စစ်မှုမထမ်းမနေရ ဥပဒေအကြောင်းပြ ဖမ်းဆီးငွေညှစ်မှုတွေအပြင် ရဲသားတို့ကလည်း မတရား ဥပဒေတွေပြ ဖမ်းဆီးငွေညှစ်သလို ယာဉ်ထိန်းရဲတွေကလည်း လမ်းပေါ်ဝယ် ငွေညှစ်ဖို့ ပြည့်ကျပ်ညက်လို့။

 

လူမိုက်တွေကနေ အသွင်ပြောင်းထားတဲ့ စစ်တပ် လက်ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင်တွေကလည်း မြို့ပြနေ ပြည်သူတွေကို အမျိုးမျိုး ခြိမ်းခြောက်အနိုင်ကျင့်လို့နေတာရယ်ပါ။

 

ဒါကြောင့်… ရန်ကုန်မှာ သတိနဲ့ နေပါ။

 

သင့်ကို လုယက်၊ ခြိမ်းခြောက်ငွေညှစ်၊ သတ်ဖြတ်ဖို့ မျက်လုံးများစွာ စောင့်ကြည့်နေကြတယ်။