ထားဝယ်က စစ်ကောင်စီ ဇဟာအမြောက်တပ်ကို တိုက်ခိုက်၊ စစ်သား လေးဦးသေဆုံး
တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ စစ်ကောင်စီ၏ ဇဟာအမြောက်တပ်ကို မတ် ၃ ရက် ညနေပိုင်းက ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်သား လေးဦးသေဆုံးသည့်အပြင် အချို့ဒဏ်ရာရရှိခဲ့ကြောင်း ဗထူးတပ်မတော် သတင်းနှင့် ပြန်ကြာရေးဌာန တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ရှိသော ဇဟာအမြောက်တပ်တပ်ရင်းဂိတ်ဝနှင့် တပ်ရင်းအတွင်းသို့ မတ် ၃ ရက် ညနေ ၅ နာရီက ၄၀ မမနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုလုပ်ဆောင်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။
“ကျွန်တော်တို့ တိုက်ခိုက်တဲ့ ညနေ ၅ နာရီ သူတို့တန်းစီနေတဲ့အချိန် အဝင်ဂိတ်ဝမှာတော့ တာဝန်ကျနေတဲ့ စစ်ွေးတွေရှိတယ်။ အင်အားအနေနဲ့ကတော့ တစ်ရာတောင်မပြည့်ဘူးဗျ။ ကျွန်တော်တို့သတင်းရတာတော့ စစ်ွေးတွေရော၊ တပ်မိသားစုဝင်တွေရောဆို ၈၀လောက်ပဲရှိမယ်” ဟု ဗထူးတပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ထားဝယ်မြို့နယ် နည်းပညာတက္ကသိုလ်အနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် ဘုရားမဲဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေထိုင်သော ကာကင်းစခန်းတို့ကို ဗထူးတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။