နွားထိုးကြီးရှိ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနှင့် မိုင်းများအသုံးပြုပြီး နှစ်ရက်ဆက် တိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံး

Author မင်းထက်
Categories
Published on Mar 05, 2024

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၂ နှင့် ၃ ရက် နှစ်ရက်ဆက် ဒရုန်းနှင့် မိုင်းများအသုံးပြုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးသည့်အပြင် အများအပြားဒဏ်ရာရကြောင်း Myingyan Black Tiger (MBT)အဖွဲ့ တာ၀န်ခံ ဗိုလ်မိုက်ခဲက CJ Platform သို့ ပြောသည်။

 

ယင်းမြို့နယ်၊ နနွင်းတော်ဘို့ကျေးရွာတွင် ယာယီတပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းကို မတ် ၂ ရက် ညနေ ၅ နာရီ ၁၁ မိနစ်ခန့်က Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်သားတစ်ဦးသေဆုံးပြီး တစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

“အဲဒီနေ့က ဒီကောင်တွေ အင်အားကတော့ ၅၀ ကျော်ကျော်ရှိမယ်။ အတိကျတော့မသိရဘူးဗျ။ လုယက်တာတွေရှိတယ်။ ဒရုန်းနဲ့ တောက်လျောက်တိုက်ခိုက်လို့ ကြက်ဥတွေလောက်ပဲ ပါသွားတယ်လို့သိရတယ်” ဟု အထက်ပါတာ၀န်ခံက ပြောသည်။

 

ယင်းတိုက်ခိုက်မှုကို Myingyan Black Tiger (မြင်းခြံခရိုင်တပ်ရင်း- ၉) ၊ Myingyan District Drone Strike (MDDS)နှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

 

ထပ်မံ၍ မတ် ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် အထက်ပါ နနွန်းတော်ဘို့ကျေးရွာ၌ တစ်ညအိပ်ပြီး မြင်းခြံဘက်သို့  ပြန်လည်ထွက်ခွာလာခဲ့သည့်စစ်ကြောင်း လိုက်ပါလာသည့် ကားလေးစီးကို ပဒေသာမိုင်း သုံးလုံးဆွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်သားခြောက်ဦးသေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့သည်။

 

ထိခိုက်သေဆုံးနှင့် ဒဏ်ရာရစစ်သားများကို မြင်းခြံမြို့ ခမရ (၁၅)တပ်သို့ ခေါ်ဆောင်သွားပြီး ယင်းတပ်ထဲမှ လူနာတင်ကားများဖြင့် မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့ကြောင်း အထက်ပါတာ၀န်ခံ ဗိုလ်မိုက်ခဲက ပြောသည်။

 

အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (မြင်းခြံခရိုင်တပ်ရင်း- ၉)နှင့် နွားထိုးကြီး ပကဖတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။