နွေဝင်လာသည်နှင့် ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားလာ

Author ကိုထက်
Categories
Published on Mar 05, 2024

နွေရာသီကာလစတင်ဝင်ရောက်လာရုံမျှဖြင့် စီးပွားရေးမြို့တော် ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှုများ ဆိုးဆိုးရွားရွားဖြစ်နေကြောင်း မြို့ခံများက ဆိုသည်။

 

ယခုနှစ် မတ်လဆန်းမှစပြီး ရန်ကုန်ရှိ မြို့နယ်အတော်များများတွင် လျှပ်စစ်မီး တစ်နေကုန်နီးပါးပြတ်တောက်နေကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

 

“မီးက ၄ နာရီဖြတ်၊ ၄ နာရီပေးဆိုပေမဲ့ လာချိန်ကို မလာတာတွေက ဖြစ်လာပြီ။ (မတ်လ)၁ ရက်နေ့လောက်တည်းကဖြစ်လာတာ။ မီးစက်နဲ့အလုပ်လုပ်နေရတာက များတယ်။ နောက်ပြီး မီးစက်ဆီကလည်း ဝယ်ချင်သလောက်ဝယ်မရဘူးလေ။ မီးက မီတာခတွေကသာမကျတာ။ ပြတ်တာတွေက အရင်နွေရာသီတွေလို ပြန်ဖြစ်လာပြီ” ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထို့ပြင် ဆင်ခြေဖုံးမြို့နယ်များဖြစ်သည့် ဒဂုံမြို့သစ် တောင်ပိုင်းနှင့် ဆိပ်ကမ်းမြို့သစ်တို့တွင် တစ်နေကုန်အတွင်း ၂ နာရီမှ ၃ နာရီကြားသာ လျှပ်စစ်မီးရရှိကြောင်း ယင်းမြို့ခံများက ဆိုသည်။

 

“လာချိန်လည်းမလာဘူး။ လိုင်းအပြစ်ဖြစ်လို့ ဘာလို့ညာလို့နဲ့။ တစ်နေကုန်နေမှ ၂ နာရီ၊ ၃ နာရီလောက်ပဲရတယ်။ လာပြန်တော့လည်း မငြိမ်ဘူး။ အခုဆို မီးနဲ့လုပ်ရတဲ့ လုပ်ငန်းအသေးစားလေးတွေဆို ပိတ်ကုန်ကြပြီဗျ” ဟု တောင်ဒဂုံတွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

ရန်ကုန်တွင် စစ်တပ်က အာဏာသိမ်းပြီး နောက်တစ်နှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ် နွေရာသီမှစတင်၍ လျှပ်စစ်မီးပြတ်တောက်မှုများ ဆိုးရွားစွာဖြစ်ပေါ်နေခြင်းဖြစ်သည်။

 

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က မြို့နယ်များရှိ ရပ်ကွက်များကို အုပ်စု A ၊ B ခွဲကာ လေးနာရီဖြတ်၊ လေးနာရီပေးစနစ်ဖြင့် ဓာတ်အားပေးနေသော်လည်း လျှပ်စစ်မီးအသုံးပြုသူများမှာ ပြည့်ဝအောင်ရရှိခြင်း မရှိဟု ဆိုကြသည်။