ပုဏ္ဏားကျွန်းမြို့ကို AA သိမ်းပိုက်၊ ရခိုင်တွင် AA သိမ်းပိုက်လိုက်သော ခြောက်ခုမြောက်မြို့ဖြစ်လာ

Author ကိုထားဝယ်
Categories
Published on Mar 05, 2024

စစ်တွေမြို့နှင့်အနီးဆုံးမြို့ဖြစ်သော ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့က စစ်ကောင်စီ ခမရ ၅၅၀ တပ်ရင်းကို ယမန်နေ့က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်သည့်အတွက် ယင်းမြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီဟု ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ကြေညာသည်။

 

ဖေဖော်ဝါရီ ၂၀ ရက်ကစတင်၍ တစ်ရက်မျှမနားဘဲ တိုက်ခိုက်ခဲ့သော အဆိုပါတပ်ရင်းကို ရက်သတ္တပတ် နှစ်ပတ်နီးပါး ၁၃ ရက်အကြာတွင် AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်လိုက်ရသော စစ်ကောင်စီသည် ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမရှိ စေတီပြင်တံတားကို ယမန်နေ့ ညနေ ၄ နာရီ ၅၇ မိနစ်ခန့်မှ ၅ နာရီ ၁၇ မိနစ်ခန့်အထိ ဂျက်တိုက်လေယာဉ် နှစ်စင်းဖြင့် ၁၂ ကြိမ် လာရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း AA က ဆိုသည်။

 

မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောနှင့် မြေပုံမြို့နယ်တို့ကို AA အနေဖြင့် သိမ်းပိုက်ထားပြီးဖြစ်သည့်အတွက် ယခု ရခိုင်ပြည်ရှိ စစ်ကောင်စီလက်အောက်ခံရုံးများအခြေစိုက်ရာ စစ်တွေမြို့နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသော ပုဏ္ဏားကျွန်းမြို့ကို ဆက်လက်သိမ်းပိုက်လိုက်နိုင်သည့်အတွက် ရခိုင်ပြည်အတွင်း AA သိမ်းပိုက်နိုင်သည့် မြို့ခြောက်ခုအထိရှိလာခဲ့ပြီဖြစ်သည်။ ထို့ပြင် ချင်းပြည်နယ် ပလက်ဝမြို့ကိုလည်း ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားပြီးဖြစ်သည်။

 

ရခိုင်ပြည်အတွင်း စစ်ရှုံးနေသော စစ်ကောင်စီတပ်များသည် လူမျိုးရေး၊ ဘာသာရေးကို အသုံးချ၍ ပြည်သူများသွေးကွဲအောင်လှုံ့ဆော်မှုများပြုလုပ်နေကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ပြောဆိုထားသည်။

 

ထိုသို့ မြို့များသိမ်းပိုက်ထားသော ULA/AA အနေဖြင့် မြန်မာနိုင်ငံ ဧရိယာအတွင်းမှ ခွဲထွက်သွားရန် စိတ်ကူးမရှိကြောင်း ယင်းအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ယမန့်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

 

ဓာတ်ပုံ – AA Info Desk

 

ပုံစာညွှန်း – ခမရ ၅၅၀ တပ်ရင်း တည်နေရာပြမြေပုံ