အင်းစိန်ထောင်တွင် အကျဉ်းသားချင်း စကားများ ရန်ဖြစ်ရာမှ နိုင်ငံရေးအကျဉ်းသားများ တိုက်ပိတ်ခံရ

Author ဂျွန်နသန်
Categories
Published on Mar 02, 2024

ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဥ်းထောင်တွင် ဖေဖော်ဝါရီ ၂၈ ရက်က ထောင်တွင်းဘောလုံးကန်ရင်း စကားများရန်ဖြစ်ကြသည်ကို အကြောင်းပြုကာ  နိုင်ငံရေးအကျဥ်းသားလေးဦးအား တိုက်ပိတ်ထားကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

 

အကျဉ်းသားအချင်းချင်း စကားများရန်ဖြစ်စဉ် ရန်ပွဲအတွင်း မပါဝင်သည့်သူများ၊ ဘေးမှရပ်ကြည့်နေသူများကိုပါ   အခန်းလူကြီးနှင့် ထောင်ဝန်ထမ်းများက ဝင်ရောက်ရိုက်နှက်ခဲ့ဟု သိရသည်။

 

“အုပ်စုနှစ်ဖက် ဘောလုံးကန်ကြရင်း စကားများကြတဲ့အတွက် ဝင်ရိုက်ကြတာပါ။ အုပ်ရောရော ကျောက်ရောရော တွေ့တဲ့သူဝင်ရိုက်တာ။ ပြီးမှ နိုင်ကျဉ်းတွေကို သီးသန့်ထုတ်ပြီး ရိုက်ကြတာ” ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက CJ Platformသို့ ပြောသည်။

 

ထို့အပြင်  နိုင်ငံရေးအကျဉ်းသားများကို ထပ်မံခေါ်ယူကာ မိန်းဂျေးလ်ရှေ့တွင် ရိုက်နှက်ခဲ့ပြီး ဒေါက်ခတ်ကာ တိုက်ပိတ်ခဲ့ကြောင်း၊ ရုံးခန်းရှေ့မှ တိုက်ပိတ်ရာ လမ်းတစ်လျောက်တွင်လည်း ရိုက်နှက်ခေါ်ဆောင်သွားကြောင်း အဆိုပါ သတင်းအရင်းအမြစ်က ဆိုသည်။

 

နိုင်ငံရေးအကျဉ်းသား ၄ဦးမှာ ရိုက်နှက်ခံရမှုကြောင့် ကျောကွဲ၊ မျက်နှာဖူးယောင်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးဝါးကုသမှုမရရှိသည့်အပြင် ထောင်ဝင်စာပါဆယ် ဖြတ်တောက်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPN Myanmarထံမှ သိရသည်။

 

“ပုံမှန်ဆိုရင်တော့ ဘောလုံးပွဲကို နိုင်ငံရေးအကျဉ်းသား‌တွေပဲ သီးသန့်လုပ်ပေးတာမရှိဘူး။ အားလုံး ဝိုင်းပြီးတော့မှ ဆော့ကစားကြရတာပေါ့။  ထောင်တွင်း၊ထောင်ပြင်ပမှာပဲဖြစ်စေ ဘယ်ဘောလုံးပွဲမှာမဆို ဒီလိုမျိုးဖြစ်ရင် သက်ဆိုင်ရာ လူကြီးတွေအနေနဲ့ ကောင်းမွန်စွာ ဖြေရှင်းပေးလို့ရတယ်။ ဒါကိုမှ အကြောင်းမရှိ အကြောင်းရှာပြီး စည်းကမ်းထိမ်းတွေ၊ အခန်းလူကြီးတွေ၊ ဝန်ထမ်းတွေပေါင်းပြီး ဝင်ရောက်ရိုက်နှက်မူ ဖြစ်ခဲ့တာပါ” ဟု PPN Myanmarမှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platformကို ပြောသည်။

 

လက်ရှိအခြေအနေတွင် ထောင်အာဏာပိုင်များကို အရေးယူနိုင်မည့် ယန္တရားမရှိသေးသည့်အတွက် ၎င်းတို့အား အရေးယူ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း  အကူးအပြောင်းကာလ တရားမျှတမှုဖော်ဆောင်သည့် ကာလ‌ရောက်လျှင်  ကျူးလွန်လာသည့် ပြစ်မှုများအလိုက် အရေးယူဆောင်ရွက်နိုင်အောင် စီမံသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

စစ်ကောင်စီသည် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီး ကာလမှစ၍ ယနေ့အထိ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ညှင်းပန်း နှိပ်စက်မှုများရှိခဲ့ရာ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သည်များရှိသလို အသက်သေဆုံးသည်အထိ ကျူးလွန်ခံခဲ့ရသည်များရှိခဲ့သည်။  ၂၀၂၂ ခုနှစ် နှစ်အလယ်ပိုင်းကလည်း အစာငတ်ခံဆန္ဒပြသဖြင့် တိုက်ပိတ်ရိုက်နှက်ခဲ့မှုကြောင့် လက်ကျိုးခြင်း ခေါင်းကွဲခြင်းများရှိခဲ့ကာ ယင်းသို့ တိုက်ပိတ်ရိုက်နှက်ခံရသူများကို ဆေးကုသပေးခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်