ရဲတပ်သားများ လိုက်ပါလာသည့် အချုပ်ကားတစ်စီး ကြားဖြတ် အတိုက်ခံရ

Author မင်းထက်
Categories
Published on Feb 29, 2024

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် ၊ နောင်တာလောကျေးရွာ အတွင်း မြစ်ကြီးနားမြို့သို့ အချုပ်သားများ ပို့ဆောင်ကာ ဝိုင်းမော်မြို့သို့  ပြန်လာသည့် အချုပ်ကားတစ်စီး ကြားဖြတ် တိုက်ခိုက်ခံရကာ မြောင်းထဲထိုးကျသွားကြောင်း မျက်မြင်တွေ့ရှိသူ နောင်တာလောဒေသခံများက CJ Platform သို့ ပြောသည်။

ယမန်နေ့ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ ညနေ ၄နာရီခွဲခန့်တွင် နောင်တာလောကျေးရွာ ရပ်ကွက် (၂) အနီး မြစ်ကြီးနား-ဝိုင်းမော်သွား ကားလမ်းပေါ်တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

 

“ပထမဆုံးက မြစ်ကြီးနားကို အချုပ်သားပို့ပီး ပြန်လာတဲ့ကားကို  ပစ်တဲ့သူတွေက နှစ်ဖက်ညှပ်ပစ်  အုန်းဆိုပြီး ကြားလိုက်ရတယ် ၊ ပြီးတော့ စက်သေနတ်ထင်တယ် ဆက်တိုက်ပစ်တာ ကျည်ခွံတွေလေ ဘေးပတ်ပတ်လည်ကျပြီး အဲ့လိုပစ်တာ။ အိမ်ရှေ့လမ်းမှာ ဖြစ်တာ ပစ်ခံရတော့ အချုပ်ကားကြီး ဇောက်ထိုးမိုးမျှော်ဖြစ်လို့၊ အချုပ်သားမပါ ဘူး ရဲတွေပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ပစ်ခတ်မှုကြောင့် အချုပ်ကားမှာ လမ်းဘေးမြောင်းအတွင်း ထိုးကျသွားခဲ့ပြီး အရာရှိတစ်ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

” အချုပ်ကားတွေရဲ့ နောက်မှာလေ ရဲကားတွေ လိုက်တယ်လေ။ အချုပ်ကားရဲ့နောက်က ဟွန်တာဖစ်အဖြူကားဆို ဘီးတစ်ဖက် ကျည်မှန်ထားတယ် ပြားချပ်နေတာပဲ ၊ သူ့ရှေ့ကားမှန်ဆို ရစရာမရှိဘူး စုတ်ပြတ်သွားတယ် ။အဲ့ကားထဲက ကောင်က ငွေရောင်ကြယ် အပွင့်သုံးပွင့်နဲ့ကောင် မောင်းပြေးသွားလို့ လွတ်သွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

 

ပစ်ခတ်မှုအပြီး အရပ်၀တ်နှင့် အင်အား (၃၀)ခန့်ပါ စစ်သားကောင်စီတပ်သားများနှင့် ရဲများ ရောက်ရှိလာပြီး ပစ်ခတ်မှုဖြစ်စဉ်အား လုပ်ဆောင်ခဲ့သည့် အဖွဲ့များ သွားလာနိုင်မည့် နေရာဟု ၎င်းတို့ ယူဆသည့် ဒေသခံများအခေါ် အုတ်ဖိုများရှိရာ အုတ်ကွင်းလမ်းကြားတွင် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ၊ လမ်းတိုင်းတွင် ကင်းများချထားက ညပိုင်းတွင် မြောင်းအတွင်း ထိုးကျနေသည့် အချုပ်ကားကို ကရိန်းကားဖြင့် ထုတ်ယူသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီလော်ဘီများက ၀ိုင်းမော်မြို့ ၊ မြို့မရဲစခန်းမှ မြစ်ကြီးနားသို့ အချုပ်သားများပို့ဆောင်ပြီး ဝိုင်းမော်မြို့သို့ပြန်လာသည့် အချုပ်ကားကို  PDF အဖွဲ့က မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ၊ အချုပ်ကားပြန်လာသည့်  မြစ်ကြီးနား-၀ိုင်းမော်ကားလမ်းကြောင်းပေါ်ရှိ နောင်တာလောရွာ ရှေ့အရောက်နေရာ၌   ဖောက်ခွဲတိုက်ခိုက်ခံရ၍ ယဥ်ပေါ်ပါ ရဲတပ်ကြပ် ၁ ဦး ဒဏ်ရာရရှိခဲ့သောကြောင့် မြစ်ကြီးနား စစ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

 

ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမူ ပစ်ခတ်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြား သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။

 

ဓာတ်ပုံ – CJ