ထိုင်း−မြန်မာချစ်ကြည်ရေး အမှတ်(၁)တံတားမှ ထိုင်းနိုင်ငံသို့ သွားလာဖူးခြင်းမရှိ သူများ နိုင်ငံကူးရာတွင် မှတ်ပုံတင်သိမ်းဆည်းခံရ

Author သီရိ
Categories
Published on Feb 24, 2024

ထိုင်း−မြန်မာချစ်ကြည်ရေး အမှတ်(၁)တံတားမှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားလာရန် နိုင်ငံကူးရာတွင် တစ်ကြိမ်တစ်ခါမျှ သွားလာဖူးခြင်း မရှိသေးသူများအား တံတားထိပ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ထမ်းများမှ ဖေဖေါ်ဝါရီလ ၁၂ရက်နေ့မှ စတင်ကာ မှတ်ပုံတင်များ သိမ်းဆည်းထားခြင်း လုပ်ဆောင်နေကြောင်း တံတားဖြတ်သန်းသွားလာနေသူများထံမှ သိရသည်။

 

ထိုင်း−မြန်မာချစ်ကြည်ရေး အမှတ်(၁)တံတားရှိ လဝက ဝန်ထမ်းများက မြဝတီမြို့မှမဟုတ်ပဲ အခြားမြို့၊ရွာများကနေ ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်သို့ သွားမည့်သူများအနက်မှ လူငယ်အမျိုးသားများကို အဓိကစစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

 

“အခုကနယ်ခံတွေဆို မသိမ်းဘူး တခြားမြို့ကလာတဲ့သူတွေဆို သိမ်းတယ် ယောကျ်ားလေး တွေဆို ပိုပြီးစစ်တယ်၊ ကလေးတွေ အသက်ကြီးတဲ့သူမျိုးတွေဆိုရင်တော့ သူတို့သိပ်မစစ်ဘူး၊ ဥပမာ မြဝတီကနေ မဲဆောက်ကိုသွားရင် တံတားမှာ ဖြတ်ယူထားတယ် ဒီဘက်ကမ်းပြန်လာမှ ပြန်ပေးတယ်နေ့တိုင်းဖြတ်ပြီး တွေ့ဖူးနေတဲ့သူတွေတော့မပါဘူး သူစိမ်းတွေကဒီက နေထွက် ကုန်မှာကိုစိုးလို့တဲ့”ဟု တံတားရှိ တာဝန်ရှိသူများနှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။

 

ထို့အပြင်မြန်မာဘက်ခြမ်းမှ သွားလာခွင့်ပေးထားသော်လည်း  ထိုင်းနိုင်ငံဘက်ရှိ ထိုင်း−မြန်မာချစ်ကြည်ရေး အမှတ်(၁)တံဝာားတွင် လုံခြုံရေးတင်းကြပ်ထားကာ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ဖူးသည့် မှတ်တမ်းမရှိသူများအား ထောက်ခံသူရှိမှသာ ဝင်ရောက်ခွင့်ပေးသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

“မှတ်ပုံတင်သိမ်းတာနဲ့တော့ မကြုံခဲ့ရဘူး ထိုင်းဘက်ရောက်တော့ တံတားကူးမှာကအသစ်လား အသစ်ဆိုရင် အာမခံပေးမဲ့သူရှိမှရမယ်တဲ့ အာမခံပေးမဲ့သူမရှိရင် ပေးမဝင်ဘူး အထောက်အထားရှိတဲ့လူမှ အာမခံပေးလို့ ရဝာာ၊ အစ်မတုန်းကတော့ ကားသမားထောက်ခံပေးတာ ကားသမားကိုတောင် ဘတ်၁၃၀၀ပေးရတယ် အာမခံမဲ့သူမရှိရင်တော့ ယောကျ်ားဖြစ် ဖြစ်မိန်းမဖြစ်ဖြစ် ဝင်မရဘူး”ဟု ၎င်းကပြောသည်။

 

ယခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့မှစပြီး မြန်မာနိုင်ငံအတွင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ပြီးနောက်ပိုင်း မြန်မာပြည်တွင်းမှ လူငယ်အများစုမှာ ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်လမ်းများမှဖြစ်စေ၊ မှောင်ခိုခိုးလမ်းများမှဖြစ်စေ သွားလာမှုများပြားလာသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်