မန္တလေးမြို့အဝင် နှာပေါက်ဂိတ်အနီး ကား ၄ စီး ဆင့်တိုက်

Author မင်းထက်၊ လဂွန်းအိမ်
Categories
Published on Feb 23, 2024

အမရပူရမြို့နယ်  စစ်ကိုင်း – မန္တလေးလမ်း ရတနာပုံတံတား အဆင်း စစ်ကိုင်းဘက်မှ မန္တလေးမြို့အဝင် နှာပေါက်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အနီးတွင် ယနေ့ ဖေဖေါ်ဝါရီလ ၂၃ရက်နေ့ နံနက် ၈နာရီ ၄၅မိနစ်ခန့်က ကား ၄ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“မနက်က နှာပေါက် ကားတိုက်လို့ တံတားတစ်ဝက်လောက်ကနေ ကားတွေပိတ်နေလို့ စောင့်နေရတာ။ ၉ နာရီလောက်က သွားတာ ၁၀ နာရီကျော် မှ နှာပေါက် ကျော်တယ်”ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

 

ဧရာဝတီမြစ်ကူးတံတား အဆင်း အမရပူမြို့နယ် ၊ ရွှေကြက်ယက် ရွာရှိ နှာပေါက် စစ်ဆေးဂိတ်အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ဆေးရေးဂိတ်တွင် တန်းစီနေသော ကားများကို ၆ဘီးကားတစ်စီးမှ ဝင်တိုက်ရာမှ ကား ၄စီး ဆင့်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” သေဆုံးမှုတော့ မရှိခဲ့ဘူးဗျ CANDA ယာဉ်နောက်လိုက်က ရှေ့ခေါင်းခန်းနဲ့ ညပ်နေတဲ့အခါကျတော့ ကျွန်တော်တို့ ကယ်ဆယ်ရေးပစ္စည်းတွေ အသုံးပြုပြီးတော့ ကယ်ထုတ်ခဲ့ရပါတယ်ဗျ၊ တအားကြီး ထိခိုက်ဒဏ်ရာ မရရှိပါဘူး အနည်းငယ် မစိုးရိမ်ရ ဒဏ်ရာတော့ ရရှိခဲ့ပါတယ် ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး) မှ CJ Platform သို့ ပြောသည်။

 

ယာဉ်တိုက်မှုသည် ၆ ဘီးယာဉ်မှ ဘရိတ်ပေါက်ကာ ဝင်ရောက်တိုက်မိခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ မရှိသော်လည်း  ၆ ဘီးကားပေါ်မှ ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

နှာပေါက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူများအပေါ် စစ်ဆေးမှု တင်းကြပ်ကာ ငွေကြေးကောက်ခံခြင်း ၊ ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသည်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)