စစ်ဘေးရှောင်ရင်း တောင်ယာလုပ်နေသည့် ခရမ်းချဥ်စိုက်တောင်သူတွေ စရိတ်မကာမိဘဲ အရှုံးပေါ်

Author မင်းထက်
Categories
Published on Feb 22, 2024

စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသတွင် မငြိမ်သက်မှုများနှင့်အတူ အဓိကအားထားရာ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးစရိတ်မကာမိဘဲ အရှုံးနဲ့သာ ရင်ဆိုင်နေရကြောင်း ခရမ်းချဥ်စိုက် တောင်သူများက ပြောသည်။

“လူတွေက စစ်ရှောင်ဘ၀ ။ တောင်သူအသုံးစရိတ်က အဆင်မပြေဘူး၊ ရောင်းရချရတာတွေ အရှုံးပေါ်တယ် ၊ ကိုယ်၀ယ်စားရတာတွေက စျေးကြီး ၊ ကိုယ့်ဆီကထွက်တာက စျေးပေါပေါနဲ့ ရောင်းနေရတယ်” ဟု ခရမ်းချဥ်စိုက်ပျိုးရောင်းချသူ ဒေသခံတစ်ဦးက ပြောသည်။

ခရမ်းချဥ် စိုက်ပျိုးမှုတွင် အစေ့ပျိုးထောင်စဥ်မှ သုံးလခွဲအတွင်း အသီးစတင်ခူးဆွတ်ရပြီး လေးလအတွင်း ခူးဆွတ်စားသုံးရကြောင်း ၊ စိုက်ပျိုးစဥ်ကနေ ခူးဆွတ်မှုကာလအချိန်အထိ  ပိုးမွှားအန္တရာယ်ကာကွယ်နိုင်ရန် ဆေး၀ါးအသုံးစရိတ် ကြီးမား​လျက် ရှိကြောင်းသိရသည်။

ခရမ်းချဉ်တွင် ရွက်ထွင်းပိုး ၊ ယင်ဖြူ ၊ မွှားပင့်ကူနီ ၊ သီးလုံးဖောက်ပိုး များအကျများတတ်ပြီး နှောင်းပင်နာကျရောဂါ၊ စောပင်နာကျ ရောဂါ ၊ ခါးရိနှင့် ဘက်တီးရီးယား ပင်ညှိုးရောဂါများကို အထူးသတိထားရကြောင်း သိရသည်။

” ဆေးကလဲနှစ်ဆတက်၊ ၃ ရက်ခြားလောက် ဆေးဖြန်းပေးရတယ် ၊ရေကတော့ အေးတဲ့ရက်တွေက တစ်လ ၂ ခါ ၊ ခုကပူတော့  ၃ ခါသွင်းတယ်။ ခုအပင်သက်တမ်း ၄ လမှာ ခူးစားနေရလဲ ၁ ဧကကွင်းမှာ ၃ ထုပ်စိုက်တာ  ခုချိန်ထိ သိန်း ၃၀ ကုန်ပြီ ၅ သိန်းပဲ အဖတ်တင်သေးတယ်” ဟု ဒေသတွင်းစိုက်ပျိုး ရောင်းချနေသူတစ်ဦးက ပြောသည်။

ဒေသတွင်း မငြိမ်သက်မှုတွေကြောင်း ရောင်းချခြင်းမပြုနိုင်တဲ့ အချိန်ကာလတွေ ရှိသလို ပို့ဆောင် ရောင်းချခြင်းမှာလည်း ကုန်သွယ်ခ စျေးမြင့်ခြင်းနှင့် ရောင်း၀ယ်ရခြင်း စျေးနှုန်းမှာလည်း ၂၀၀ မှ ၄၀၀ အထိသာ ရှိသောကြောင့် ကုန်ကျစရိတ်များပြီး အမြတ်ကျန်မှု မရှိကြောင်း ဒေသတွင်း စိုက်ပျိုးနေသူ တောင်သူများက ပြောသည်။