ခလယ်လွီထူ ခရိုင်အတွင်း လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရရှိ၊ ဘာသာရေးအဆောက်အအုံ များအပါအဝင် နေအိမ်အချို့ ပျက်စီးဟု KNU ဆို

Author လင်းနွေဦး
Categories
Published on Feb 22, 2024

ပဲခူးတိုင်း၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ် နှင့် ဆောထိ(ရွှေကျင်)မြို့နယ် အတွင်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ဘာသာရေးအဆောက်အုံ နှင့် နေအိမ်အချို့ပါ ပျက်စီးခဲ့ရသည်ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ထုတ်ပြန်သည်။

မူးမြို့နယ် အတွင်း ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ် ၁နာရီခွဲ ဝန်းကျင်ခန့်တွင် စစ်ကောင်စီ တပ်များမှ မြက်နီကွင်းကျေးရွာ အတွင်းသို့ ၃ ကြိမ်ခန့် ဒရုန်းဖြင့် ဗုံးများ ကြဲချခဲ့သဖြင့် ပြည်သူပိုင် နေအိမ် ၂ လုံး နှင့် စာသင်ကျောင်း တစ်ကျောင်း လက်နက်ကြီးစထိမှန် ပျက်စီးခဲ့ရသည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်များမှ ကွင်းချောင်းဝမှ နေ၍ လက်နက်ကြီးများကို ရေတွင်းကုန်းလေးကျေးရွာ အတွင်း ပစ်ခတ်ခဲ့ရာ ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘာသာရေးအဆောက်အအုံ ဖြစ်သည့် ဘုန်းကြီးကျောင်း တစ်ကျောင်း လက်နက်ကြီးစထိမှန် ပျက်စီးခဲ့ရကြောင်း KNU ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

“လောလောဆယ်တော့ စစ်ရေးနည်းနည်း အေးတယ်ပြောလို့ရတယ်။ နှစ်ဖက်လှုပ်ရှားမှု သိပ်မရှိပေမဲ့ ခုလိုမျိုး စစ်တပ်က တော်လှန်ရေးအဖွဲ့တွေ ရှိနိုင်မယ် ထင်တဲ့နေရာတွေကို လက်နက်ကြီးရမ်းသမ်းပစ်တာ ရှိတယ်။ခုဆို သူတို့လည်း Drone တွေ သုံးလာနေပြီ။ ရွာသားတွေပဲ ထိခိုက်တာပါဗျာ။ သူတို့ မှာလည်း ဘယ်နေ့ ခေါင်းပေါ် လက်နက်ကြီးကျလာမယ်ဆိုတာပဲ တွေးပူနေရတာ”ဟု မူးရှေ့တန်း စစ်မြေပြင်ရောက် တော်လှန်ရေးရဲဘော် တစ်ဦးမှ CJ Platform သို့ ပြောသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၉ရက် ညနေ ၄နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီလက်အောက်ခံ ရွှေဝါအခြေစိုက် ခမရ-၃၀၇ တပ်စခန်းမှ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့ရာ လက်တက်ကြီး ကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲသဖြင့် ကျေးရွာတွင်းရှိ အသက် (၄၈)နှစ် အရွယ် ပြည်သူ တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သည့်အပြင် ပြည်သူ ၃ ဦး ကျည်စထိမှန် ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု KNU မှ ထုတ်ပြန်သည်။

 

ဆောထိ(ရွှေကျင်)မြို့နယ် အတွင်း၌ လည်း ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၁၀ နာရီ မိနစ် ၄၀ အချိန် ခန့်တွင် ဂျက်လေယာဉ် ၂ စင်းဖြင့် ထီးဝါထာ ကျေးရွာ အပေါ်သို့ ဗုံး ၈ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ရာ ဘုရားရှိခိုးကျောင်း တစ်ကျောင်းနှင့် ပြည်သူပိုင် နေအိမ် ၄ လုံး ထိခိုက် ပျက်စီးခဲ့ရသည်ဟု KNU မှ ဆိုသည်။

 

ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ရက် နေ့ တွင်လည်း ပိန်းဇလုပ်အခြေစိုက်တပ်စခန်း ခလရ-၂၆၄ မှ ကျေးရွာများအတွင်း ၈၁ မမ ၊ ၁၂၀ မမ နှင့် ၁၅၅ မမ စုစုပေါင်း လက်နက်ကြီး ၈ လုံးအား ပစ်ခတ်ခဲ့သဖြင့် ချုံအင်းကျေးရွာ၊ ကညင်ကျိုးကျေးရွာ၊ ခင်ကန့်လန့် ကျေးရွာတို့မှ ဒေသခံပြည်သူ ၂ ဦး လက်နက်ကြီးထိမှန် သေဆုံးကာ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

 

ဓာတ်ပုံ- KNU

 

ပုံစာညွှန်း – ခလယ်လွီထူ ခရိုင် အတွင်း စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် ပြည်သူပိုင်နေအိမ်များ