မိုင်ပွန်မြို့ အနီး လက်နက်ကြီးကျည်များ တစ်နေကုန်နီးပါး ကျရောက်ပေါက်ကွဲ၊ စစ်ကောင်စီမှ ဆီဆိုင်မြို့ကို ပြန်လည်ရရှိရန် သံချပ်ကာကားများဖြင့်ပါ စစ်ကြောင်းထိုးရန် ပြင်ဆင်နေ

Author လဂွန်းအိမ်
Categories
Published on Feb 21, 2024

ရှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့နယ်အတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေသဖြင့် ကျေးရွာများမှ ပြည်သူများ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

 

ဒေသခံပြည်သူများအနေဖြင့် မြို့ထဲအထိ စစ်ဖြစ်လာမည်ကို စိုးရိမ်နေရပြီး လေယာဉ်သံများပါ ကြားရသဖြင့် အရေးပေါ်ပြင်ဆင်စရာရှိသည်များ ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။

 

” နမ့်မော်ခမ်းကရွာတွေဖက် တစ်နေ့လုံးပဲ လက်နက်ကြီးနဲ့ပစ်နေတာ အခုမြို့ထဲမှာလည်း အကုန်လုံးထိတ်လန့်နေကြပြီး စစ်ဖြစ်မှာကို စိုးရိမ်နေရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးမှ CJ Platform သို့ပြောသည်။

 

မိုင်းပွန်မြို့နှင့် ဟိုပုံး လမ်းပိုင်းကိုလည်း ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ ပိတ်ဆို့ထားပြီး ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီလက်အောက်ခံ PNLO/PNA တို့ တိုက်ပွဲများဖြစ်ပွားနေကာ စစ်ကောင်စီမှ ဆီဆိုင်မြို့အားပြန်လည်ရရှိရန် တင့်ကား သံချပ်ကာကားများ အပါအဝင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာညွှန်း – မိုင်းပွန်မြို့အတွင်း စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားနေပုံ