နတ်ရေတွင်း၊ လက်ပံခုန်နှင့် တောင်ခမောက်ကျေးရွာရှိ ပြည်သူများကို စစ်ကောင်စီမှ ဖြတ်လေးဖြတ် လုပ်ဆောင်နေကာ အခြေခံစားနပ်ရိက္ခာများပါ သိမ်းဆည်းနေ

Published on Feb 21, 2024

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ နတ်ရေတွင်း၊ လက်ပံခုန်နှင့် တောင်ခမောက်ရွာရှိ ကျေးရွာနေပြည်သူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစ၍  PDF ထောက်ပို့သည်ဟု စွပ်စွဲကာ နေအိမ်များအတွက် ရိက္ခာဝယ်ယူခြင်းကို ဆီငါးဆယ်သားနှင့် ဆန်လေးပြည်သာ ဝယ်ယူ သယ်ဆောင်ခွင့်ပေးပြီး ပိုမိုဝယ်ယူလာသည့် ရိက္ခာများအား စစ်ကောင်စီမှ သိမ်းဆည်းနေကြောင်း ဒေသခံများထံမှ သိရသည်။

 

ပေါက်ခေါင်းမြို့နယ်ရှိ ပြည်-တောင်ငူ ခရိုင်ချင်းဆက် လမ်းခွတွင် အထိုင်ချထားသော စစ်ကောင်စီတပ်များသည် မြို့ပေါ်စျေးသို့ သွားရောက်ကာ ရိက္ခာဝယ်ယူသည့် ပြည်သူများအား အပြန်ခရီးတွင် စစ်ဆေးကာ ၎င်းတို့ သတ်မှတ် ပမာဏထက်ကျော်လွန်စွာ သယ်ဆောင်လာသည်ကို တွေ့ရှိပါက သိမ်းဆည်းမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

 

“ပေါက်ခေါင်းမြို့နယ်ထဲက ငါးဘတ်ကုန်းရွာထိပ်က ခရိုင်ဆက်လမ်း ပြည်-တောင်ငူလမ်းခွမှာထိုင်ပြီး ကျွန်တော်တို့ ပေါင်းတည်ဘက်ကို ရိက္ခာဖြတ်တာပေါ့ အဲ့ရွာတွေက ပေါင်းတည်ကလို့သာဆိုရတယ် ပေါက်ခေါင်းနဲ့က ပိုနီးတယ် ၁၂ မိုင်ပဲကွာတယ်” ဟု CJ Platform ၏ ဒေသခံ သတင်းရင်းမြစ်မှ ပြောသည်။

 

ထို့ပြင် စစ်ကောင်စီတပ်သားများသည် အထက်ပါရွာများအား ကျေးရွာချင်းလမ်းများကို ပိတ်ဆို့ထားပြီး စစ်ဆေးရေးဂိတ်များဖွင့်လှစ်ကာ သွားလာမှု ကန့်သတ်ခြင်းကြောင့် မော်တော်ယာဉ်များပါ ပြေးဆွဲ၍ မရတော့ဘဲ ဒေသတွင်း ကုန်စည်စီးဆင်းမှု ရပ်တန့်ကာ ကုန်စျေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။

 

ထို့ပြင် ဆက်သွယ်ရေး တာဝါတိုင်များတွင်လည်း စက်သုံးဆီများ ပြတ်လပ်နေခြင်းကြောင့် တယ်လီဖုန်းဆက်သွယ်ရေး လိုင်းများပါ ပြတ်တောက်နေရလျှက်ရှိနေသည်။