ကံထူးမကျေးရွာ ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် အနီးဝန်းကျင်ကျေးရွာများအား အကြိမ် (၂၀)ကျော် ဗုံးကြဲတိုက်ခိုက်

Author ကေဇက်
Categories
Published on Feb 21, 2024

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အနောက်ခြမ်း ကံထူးမ စံပြကျေးရွာ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီလ (၂၁)ရက် နံနက် (၂)နာရီခန့်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီမှ ရဲစခန်းနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို လေကြောင်းဖြင့် အကြိမ် (၂၀)ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း  ရေဦးမြို့နယ်အခြေပြု People’s Defense Comrade၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား)မှ CJ Platform သို့ ပြောသည်။

 

ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်တွင် ရေဦး ၊တန့်ဆည်အစပ်ရှိ ခလရ (၇၁)နှင့် ခမရ (၇၀၈)မှ ပူးပေါင်းအင်အား (၈၀)ခန့်ရှိ စစ်ကြောင်းသည် ယမန်နေ့ ဖေဖော်ဝါရီ (၂၁)ရက် နံနက် (၃)နာရီခန့်တွင်  တန့်ဆည်နယ်  အင်တိုင်းရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ယခုလက်ရှိ  ကံထူးမကျေးရွာအနီး ခရမ်းခြံရွာဘက်သို့ ရောက်ရှိနေကြောင်း သိရသည်။

 

“ထိခိုက်ပျက်ဆီးမှုတွေ ဘာမှ အတည်မပြုနိုင်သေးပါဘူး၊ စစ်ကိုင်းတိုင်း တချို့နေရာတွေမှာဆို တစ်နေရာထဲ (၄)ကြိမ်ဆိုတာ အများဆုံးပဲ၊ ရက်ခြားပြီးသာ အကြိမ်ရေများများ တိုက်ခိုက်တာ ၊ခုဟာက စစ်ကိုင်းတိုင်းအတွင်းမှာ ပထမဆုံး တစ်နေရာထဲကို ခပ်စိပ်စိပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အဆိုးဝါးဆုံး ဖြစ်ရပ်လို့  ပြောလို့ရတယ်”ဟု ကိုထူးခန့်ဇော်မှပြောသည်။

 

လေကြောင်းဖြင့် ‌ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်မှု၊ မြေပြင်စစ်ကြောင်းထိုးမှုများကြောင့် တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းရှိ အင်တိုင်း၊ စီးကြီး၊ အနောက်ကုန်း၊ တောင်စွန်း၊ မှန်ချိုင် ပိန္နဲကုန်း၊  သရက်ကွ၊ မှန်ရင်း၊ ကန်ပေါက်၊ ကိုးတောင်ဘို့၊ ဝါးရုံကန်၊ အင်တံခါး၊ သာယာကုန်း၊ ရွာသစ်၊ ညောင်ရင်း၊ ရွှေကြာတန်း၊ ကုန်းရိုး၊ သပြေရင်း၊ ခရမ်းခြံ၊ ကော်တက်၊ အင်တောရိုး၊ လက်ဆည်၊ ပေကုန်း၊ ရေရှင်ကုန်း၊ ကြက်ဆူကန်၊ မရမ်းမိ၊ သရက်ခါး၊ ကံထူးမ၊ ကျောင်းကုန်း၊ အိုင်ယားရှည်၊ အင်ပင်အိုင်၊ အင်ရေအိုး၊ ပကာ၊ ဆပ်ချေးကူး၊ တောင်ကျောင်း၊ နွားကူး၊ ပန်းထိမ်ကုန်း၊ ရေရှင် စသည့် ကျေးရွာများမှ ဒေသခံပြည်သူ(၃)သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ၎င်းမှ ဆက်လက် ပြောသည်။

 

“ကံထူးမရွာနဲ့ အဝေးကြီးမှာရှိတဲ့ ပကာရွာမှာလည်း လေယာဉ်နဲ့လာပစ်လို့ ပြည်သူ (၈)ဦး ဒါဏ်ရာ ရသွားတယ်”ဟု တန့်ဆည်မြို့နယ်တွင်း ခိုင်လုံသော သတင်းရင်းမြစ်တစ်ဦးဖြစ်သူ မအိန်ဂျယ်ကလည်း ထပ်မံအတည်ပြု ပြောသည်။

 

 

 

ဓာတ်ပုံ – ထူးခန့်ဇော်