ရန်ကုန်တွင် ညပိုင်း ရုံးပြန်ချိန်များအတွင်း စစ်ကောင်စီတပ်သားများ ဖမ်းဆီးငွေညှစ်မှုများအပြင် ဒုစရိုက်သမားများ၏ ရန်ပြုမှုကိုပါ မြို့ခံများကြုံတွေ့နေရ

Author ကိုထက်
Categories
Published on Feb 21, 2024

ရန်ကုန်တွင် ညပိုင်းရုံးပြန်ချိန်များအတွင်း စစ်ကောင်စီတပ်သားများမှ ဖမ်းဆီးငွေညှစ်ခြင်းအား ကြုံတွေ့နေရသည့် အပြင် ဒုစရိုက်သမားများ၏ ရန်ပြုမှုပါ ကြုံတွေ့နေရကြောင်း မြို့ခံများထံမှ သိရသည်။

 

“ညနေပိုင်းရုံးပြန်ချိန် အချိန်က နောက်ဆုံး ည၇နာရီက နောက်ဆုံးပဲ၊ ကားကရှိတာ၊ အဲဒီအချိန်ပြန်တာပေါ့။ လမ်းသွားရင် တစ်ယောက်တည်းသွားရင် သူတို့(စစ်ကောင်စီတပ်သား)တွေ ကင်းလှည့်တာနဲ့တွေ့ရင် ဖမ်းပြီးငွေညှစ်ခံရဖို့ ကျိန်းသေတယ်။ ကားပေါ်တွေလည်း အုပ်စုဖွဲ့လုယက်တာတွေနဲ့ ခါးပိုက်နှိုက်တွေရန်ပါ ကြောက်နေရတယ်။”ဟု အင်းစိန်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းများကပင် YBS 22ယာဉ်၊ YBS 61ယာဉ်များပေါ်တွင် အုပ်စုဖွဲ့လုယက်မှုများ၊ ခါးပိုက်နှိုက်မှုများ ၅ခုထက်မနည်းဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်သားများ ဖမ်းဆီမှုများသည်လည်း တောင်ဒဂုံ၊ လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ သဃ်န်းကျွန်း စသည့်မြို့နယ်များတွင် လူငယ်များ ဖမ်းဆီးငွေညှစ်ခံရမှုများ ရှိခဲ့သည်။

 

“တနေ့က ရုံးကအပြန် လမ်းကိုခပ်မြန်မြန်ပဲ လျှောက်ရတယ်။ စစ်သားတွေရှိနေတဲ့နေရာတွေကို ဖြတ်ရင်၊ နောက်ပြီး၊ လူမိုက်လိုလိုသူတွေပေါ့၊ အုပ်စုလိုက်ကိုလှုပ်ရှားကြတာ၊ လိုင်းကားပေါ်တွေကို လိုက်တက်ပြီး ဓါးထောက်လုတာတွေ၊ ခါးပိုက်နှိုက်တာတွေ လှိုင်သာယာဘက်ပြန်တဲ့ကားတွေတော်တော်များများမှာ ဖြစ်နေတယ်။ တကယ်ကိုမလုံခြုံတော့ပါဘူး။”ဟု ဆူးလေမှ လှိုင်သာယာသို့ပြန်နေရသည့် ခရီးသည်တစ်ဦးက ပြောသည်။

 

YBSကားများပေါ်တွင်လည်း အုပ်စုဖွဲ့လုယက်မှုများ၊ ခါးပိုက်နှိုက်မှုများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာကြသည့်အပြင် မြို့နယ်အချို့တွင် စစ်‌ကောင်စီတပ်က လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားမှုများရှိနေပြီး ပြန်လွှတ်ပေးစေချင်ပါက တစ်ဦးလျှင် ကျပ် သိန်း၃၀တောင်းနေသည်။

 

ယင်းဖြစ်ရပ်များကြောင့် ရန်ကုန်တွင် ယခုရက်ပိုင်းများအတွင်း ညဘက်များတွင် အသွားအလာရှင်းလင်းကာ မြို့ပျက်တစ်ခုသဖွယ် ဖြစ်နေခဲ့သည်။

 

စစ်မှုမထမ်းမ‌နေ‌နေရ ဥပဒေကို လာမည့်သင်္ကြန်ကာလပြီးပါက စတင်မည်ဟု စစ်ကောင်စီကကြေညာထားပြီး၊ လူငယ်အများအပြားလည်း နိုင်ငံအတွင်းမှထွက်ခွာရန် အပြင်းအထန် ကြိုးစားနေကြသည်။

 

ပုံစာညွှန်း – ရန်ကုန်မြို့တွင်း တစ်နေရာအား မြင်ရပုံ