ရက္ခိုင့်တပ်တော် (AA)မှ အရှိန်အဟုတ်မြင့်ထိုးစစ်ဖြင့် ရခိုင်ပြည်အနှံ တိုက်ပွဲများဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်သားများ စောစီးစွာ လက်နက်ချ အညံ့ခံရန် ထပ်မံသတိပေး

Author လင်းနွေဦး
Categories
Published on Feb 21, 2024

ရခိုင်ပြည်၊မင်းပြားမြို့နယ်၊ကမ်းနီးရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉)တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် (AA)မှ ထိုးစစ်စွမ်းရည် အမြင့်ဆုံးအနေအထားဖြင့် တိုက်ပွဲများဖော်ဆောင်လျက်ရှိနေခြင်းကြောင့်  စစ်ကောင်စီတပ်သားများ စောစီးစွာ လက်နက်ချ အညံ့ခံရန် ရက္ခိုင့်တပ်တော်၏ သတင်းပြန်ကြားရေး ချန်နယ်တစ်ခုဖြစ်သည့် AA Info Desk မှ ထုတ်ပြန်သည်။

 

ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်မှ စတင်ကာ မင်းပြားမြို့ ကမ်းနီးရွာနှင့် မေလွန်းရွာအနီးရှိ “ကမ်းနီလေ့ကျင့်ရေးသင်တန်းကျောင်း”ဟုခေါ်သော တိုင်းဗဟို (၉) လေ့ကျင့်ရေးကျောင်းအား ရက္ခိုင့်တပ်တော် (AA)က စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အခြားသော စစ်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသဖြင့် လက်နက်ချ အညံ့ခံရန် ထပ်မံသတိပေးပြောကြားသည်ဟု ရက္ခိုင့်တပ်တော် ထုတ်ပြန်ချက်အတွင်း ပါရှိသည်။

 

စစ်ကောင်စီအနေဖြင့် ခုခံစစ်၊ ခွာစစ်မှလွဲ၍ ရွေးချယ်စရာမရှိဘဲ ၎င်းတို့၏ အထိုင်တပ်စခန်းများကိုသာ အသည်းအသန် ခုခံကာကွယ်နေရကြောင်း၊စစ်ကောင်စီတပ်စခန်းများတွင် အင်အား ၁၀၀ အောက်ရှိသော စခန်းများကို ရက္ခိုင့်တပ်တော်အနေဖြင့် တစ်ပတ်အတွင်း သိမ်းယူနိုင်သကဲ့သို့ အချို့သောစခန်းများကိုမှု ရက်ပိုင်းမျှသာ သိမ်းပိုက်ရယူနိုင်သည်အထိ မိမိတို့၏ ထိုးစစ်ဆင်စွမ်းရည်မှာ အမြင့်ဆုံးအနေအထား သို့ရောက်ရရှိနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်းဖော်ပြသည်။

 

“ရခိုင်မှာကတော့ ပြောမနေပါနဲ့တော့။ တိုက်ပွဲတွေ ကနေရာအနှံ့ဖြစ်တာ ။ စစ်တပ်ဘက်ကလည်း သူတို့ စခန်း တစ်ခုကျတိုင်း မြို့တွေ ရွာတွေ အပေါ် ဗုံးကြဲတာ ထုံးစံလို ဖြစ်နေပြီ။ ရမ်းဗြဲဆို ခု ပိုဆိုးတယ် ။ လိုင်းတွေလည်း ပြတ်တော့ တစ်ခါ တစ်ခါမှ လိုင်းသုံးလို့ရတယ် ။ ခု မြို့တော်လို့ ပြောရမဲ့ စစ်တွေလည်း ခြောက်ကပ်နေပြီ ။ဘာ လုပ်ငန်းတွေမှလည်း လုပ်မရတော့ဘူး”ဟု လက်ရှိ အခြေအနေများနှင့် ပတ်သတ်၍ အသက် ၃၂ အရွယ် စစ်တွေ ဒေသခံတစ်ဦးမှ အင်တာနက်လိုင်းရရှိချိန် CJ Platform ၏ မေးမြန်းမှုအား ဖြေကြားခဲ့သည်။

 

စစ်ကောင်စီ လက်အောက်ခံတပ်သားများအနေဖြင့်လည်း ရက္ခိုင့်တပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှုကို ခံနိုင်ရည်မရှိဘဲ တပ်စခန်းစွန့်ခွာမှုများနှင့် အိမ်နီးချင်းနိုင်ငံများသို့ ပုံဖျက်ထွက်ပြေးခြင်းများရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်နှင့် ဒေသအခြေစိုက်သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်၌ စစ်ကောင်စီတပ်သား ၂၇၆ ဦးမှာ နယ်စပ်မှတဆင့် အိန္ဒိယပြည်သို့ ထွက်ပြေးခဲ့သည့် ဖြစ်စဉ်အပြင် ဖေဖော်ဝါရီ ၁၈ ရက်၌လည်း မြေပုံမြို့၊ ဟင်းခရော် ကျေးရွာအနီးရှိ ပွိုင့် (၄၀၂) နှင့် ပွိုင့် (၄၀၈)ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ တပ်စခန်းရှိ လက်နက်ခဲယမ်းများ၊ ရိက္ခာများအပြင် စခန်းကုန်းတစ်ခုလုံးအား မီးရှို့ကာ ရဟတ်ယာဉ်များဖြင့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆုတ်ခွာထွက်ပြေးသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

 

စစ်ကောင်စီအနေဖြင့် နိုင်ငံတဝန်း စစ်မျက်နှာဖွင့်ထားရမှုကြောင့် အင်အားမလုံလောက်ခြင်း၊ တပ်ဖွဲ့ဝင်များ စိတ်ပိုင်းဆိုင်ရာကျဆင်းခြင်းတို့ကြောင့် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းမရှိဘဲ ချင်းပြည်နယ် ပလက်ဝဒေသတစ်ခုလုံးသာမက ရခိုင်ပြည် ပေါက်တောမြို့နှင့် ဇန်နဝါရီ ၁၇ ရက်၌ စွန့်လွှတ်ခဲ့ရသည့် ယောချောင်း ဗျူဟာကုန်းအပါအဝင် ရခိုင်ပြည်အနှံရှိ အခြေစိုက် တပ်စခန်းကြီးငယ်ပေါင်း (၁၈၀)ဝန်းကျင်အား ရက္ခိုင့်တပ်တော်ထံ လက်လွှတ်ဆုံးရှုံးထားရသည်။

Related News

Depend on news