စစ်ကောင်စီဖိနှိပ်ခံဘဝမှလွတ်မြောက်ရေး PNLO/PNLA သို့ဝင်ရန် ပအိုဝ်းလူငယ်များကို ဖိတ်ခေါ်

Author မေဘယ်ကိုး
Categories
Published on Feb 16, 2024

စစ်ကောင်စီနှင့် NCA ရေးထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)က ရှမ်းပြည်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပြည်သူတစ်ရပ်လုံးနှင့် ပအိုဝ်းလူငယ်လူရွယ်များကို လာရောက်ပူးပေါင်းရန်ဖိတ်ခေါ်ကြောင်း PNLO/PNLA က ထုတ်ပြန်သည်။

 

ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီကအတည်ပြုလိုက်သည့် စစ်မှုထမ်းဥပဒေသည် ပြည်သူအချင်းချင်းပြန်လည်သတ်ဖြတ်ရန်လုပ်ဆောင်ခြင်းဖြစ်သည်ဟု PNLA က ဆိုသည်။

 

ယုတ်ညံ့သောလူတစ်စုအကျိုးစီးပွားကို ကာကွယ်ခြင်းနှင့် ၎င်းတို့လူမျိုးကို ဒုက္ခပေးနေသည့် အာဏာရှင်စနစ်သက်ဆိုးရှည်စေမည့် လုပ်ရပ်များကိုရှောင်လွှဲပြီး အဖိနှိပ်ခံဘဝမှလွတ်မြောက်ရန်အတွက် လာရောက်ပူးပေါင်းကြရန် PNLO/PNLA က ဖိတ်ခေါ်ထားသည်။

 

PNLO/PNLA သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် နေပြည်တော်အထိ သွားရောက်တွေ့ဆုံမှုများရှိခဲ့သည့်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း ၎င်းတို့ထိန်းချုပ်ရာ ရှမ်းပြည်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်များနှင့် ပဋိပက္ခဖြစ်ပွားပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်မည်ဟု တရားဝင်ထုတ်ပြန်ချက်ထုတ်ခဲ့သည်။