ဘန်ကောက်မြို့ လေထုညစ်ညမ်းမှု ကျန်းမာရေးစိုးရိမ်ရအ‌ခြေအနေသို့ရောက်ရှိနေ၍ ပြည်သူများ နေအိမ်မှသာ အလုပ်လုပ်ရန် ထိုင်းအာဏာပိုင်များ ညွှန်ကြား

Author လင်းနွေဦး
Categories
Published on Feb 15, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ကြာသပတေးနေ့၌ လေထုညစ်ညမ်းမှုမှာ ကျန်းမာရေးနှင့်မညီညွတ်သည့် စိုးရိမ်ရအခြေအနေသို့ ရောက်ရှိနေသဖြင့် ထိုင်းအာဏာပိုင်များမှ ပြည်သူများကို နောက်နှစ်ရက်အထိ အိမ်တွင်း၌ပင် အလုပ်လုပ်ရန် ညွှန်ကြားထားကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။

 

ထိုင်းနိုင်ငံ၌ ရိတ်သိမ်းတောင်ယာလယ်များ မီးရှို့ခြင်း၊ စက်မှုလုပ်ငန်းများမှ မီးခိုးငွေ့များ ထုတ်လွှတ်ခြင်း၊ မော်တော်ယာဉ်များ များပြားလာခြင်းနှင့် ယာဉ်ကြောပိတ်ဆို့ချိန် ကြာမြင့်ခြင်းတို့ကြောင့် မြုနှင်းထုကဲ့သို့ မီးခိုးထုများ မြို့တော်ဘန်ကောက်ကောင်းကင်၌ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် အုံ့မှိုင်းနေသည်ဟု ဒေသတွင်းသတင်ဌာနများကလည်း ဖော်ပြနေကြသည်။

 

“လေထု ညစ်ညမ်းမှုရဲ့ အဓိကအကြောင်းအရင်းကတော့ ရိတ်သိမ်းပြီး လယ်ယာခင်းတွေ မီးရှို့တာပါ။ နောက်ညစ်ညမ်းမှုကို ဖြစ်စေတဲ့ လေးပုံတစ်ပုံကတော့ မော်တော်ယာဉ်တွေက လာတာဖြစ်ပြီး ကျွန်တော်တို့ ထိန်းချုပ်နိုင်ပါတယ်” လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်(Srettha Thavisin)က ဒေသတွင်း သတင်းထောက်များသို့ ပြောကြားသည်။

 

ထို့ကြောင့် နိုင်ငံတွင်းရှိ လောင်စာဆီများသုံးရသည့် မော်တော်ယာဉ်များအစား လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်(EV)များ အစားထိုးအသုံးပြုခြင်းသည်လည်း ဖြေရှင်းရန် နည်းလမ်းတစ်ခုဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားသည်။

 

ထို့ကြောင့် အစိုးရဝန်ထမ်းများနှင့် ပြည်သူများကို ထိုင်းအာဏာပိုင်များက ယခုကဲ့သို့ ညွှန်ကြားလာခြင်းဖြစ်သည်။

 

နိုင်ငံပိုင် လေထုညစ်ညမ်းမှုစစ်ဆေးသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် (IQAir) မှ “မြို့တွင်းရှိ လူများ အသက်ရှူရာတွင် ရှူသွင်းနိုင်သည့် လေထုတွင်းပါဝင်သော အမှုန်အမွှားပါဝင်မှု ပမာဏ သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ သတ်မှတ်ထားသည့် ပမာဏအဆင့်ထက် ၁၅ ဆကျော် ပိုများနေပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ အဆင့် ၈ နေရာသို့ ရောက်ရှိနေကြောင်း” ဖော်ပြသည်။

 

မြို့တော် ဘန်ကောက်ရှိ လေထုအခြေအနေများ ပိုမိုဆိုးရွားလာရုံမက မြူနှင်းထုကဲ့သို့ မီးခိုးထုများ အုံ့ဆိုင်းနေကြောင်း၊ ဖုန်မှုန့်နှင့် အမှုန်အမွှားပါဝင်မှုများပြားသဖြင့် မျက်စိများ ကျိန်းစပ်ကာ အသက်ရှုရန်ပင် ခက်ခဲကြောင်း ဘန်ကောက်မြို့ပေါ်ရှိ အသက် ၅၇ နှစ်အရွယ် အငှားယာဉ်မောင်း မစ္စတာ ခွန်ပေါင် ပိုပရာခွန်(Kornpong Poprakun) က ဘန်ကောက်အခြေစိုက် Bangkok Post သတင်းဌာနသို့ ပြောသည်။

 

ပြီးခဲ့သည့် ၂၄  နာရီအတွင်း ဘန်ကောက်မြို့ရှိ လေထုတွင်း အမှုန်အမွှားပါဝင်မှု ပျမ်းမျှပမာဏ သည် ၇၅ µg/m³(လေထု တစ်ကုဗ မီတာလျှင် အမှုန်အမွှားပါဝင်မှု ၇၅ မိုက်ခရိုဂရမ်)ပါဝင်မှုနှုန်း ရှိနေခဲ့ရာမှ ယနေ့ ကြာသပတေးနေ့ တွင် ၁၈၅ ဒသမ ၃ µg/m³  အထိ နှစ်ဆခွဲကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။

 

ထိုင်းအစိုးရမှ လုံခြုံသည်ဟု ခွင့်ပြုသတ်မှတ်ထားသည့်  လေထုအတွင်း အမှုန်အမွှားပါဝင်မှု ပမာဏသည် ၃၇ ဒသမ ၅ µg/m³ (လေထု တစ်ကုဗမီတာလျှင် အမှုန်အမွှားပါဝင်မှု ပမာဏ ၃၇.၅ မိုက်ခရိုဂရမ်)ဖြစ်ကာ WHO မှ ပြဌာန်းသတ်မှတ်ထားသည့် ပမာဏမှာမူ ၂၅ µg/m³ ဖြစ်သည်ဟု CNN သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

 

ထိုင်းနိုင်ငံအတွင်း ပြည်နယ် ၇၇ ခုရှိသည့်အနက် ၆၂ ပြည်နယ်မှာ စိုးရိမ်ရသည့် လေထုဖုံးလွှမ်းခြင်းခံစားနေရပြီး ၎င်းတို့အနက် မြို့တော် ဘန်ကောက်သည် ထိပ်ဆုံးမှ ရပ်တည်နေကာ ဆမက် ဆောန်ခရမ်၊ ရက်ချရ်ဘူရီ၊ နွန်သာဘူရီ ၊ ဆမက် ဆခွန်၊ နက်ခ်ခွန် ပသွန်၊ ပသန် သနီ၊ ပက်ချရ်ဘူရီ၊ ဆင်းဘူရီ၊ ဆာရာ ဘူရီ၊ ချိုင်နက်၊ အန်ဂျ် သွန်၊ အက်ထရာဒထ်၊ ဆူဖန်  ဘူရီ၊ အယုတ္ထရ၊ ဆမက် ပရာခန် စသည့် ပြည်နယ်များမှာ အစဉ်လိုက် လေထုညစ်ညမ်းမှု အရှိဆုံးပြည်နယ်များအဖြစ် ရပ်တည်လျက်ရှိကြောင်း Bangkok Post ၏ ဖော်ပြချက်အရ သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက် နှင့် ၁၀ ရက်နေ့များတွင် ကျင်းပခဲ့သော တရုတ်နှစ်သစ်ကူး ရိုးရာ ပွဲတော်အတွင်း အမွှေးတိုင်များ ထွန်းညှိခြင်း၊ စက္ကူပိုက်ဆံများ မီးရှို့ခြင်းတို့ကြောင့် ရက်ပိုင်းအတွင်း ထိုင်းမြို့ကြီးများ၌ လေထုညစ်ညမ်းမှုနှုန်း ၁၀၀ ဒသမ ၃ µg/m³(လေထု တစ်ကုဗမီတာလျှင် အမှုန်အမွှားပါဝင်မှုနှုန်း ၁၀၀ ဒသမ ၃ မိုက်ခရိုဂရမ်)အထိ ရောက်ရှိခဲ့သည်။

 

မကြာမီပင် ယခုကဲ့သို့ မြို့တော်ဘန်ကောက်၏ လေထုညစ်ညမ်းမှုအဆင့်မှာ အနီရောင်အဆင့် စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိလာခြင်းကြောင့် လာမည့်ဖေဖော်ဝါရီ ၁၇ ရက်နေ့ စနေ့နေ့အထိ ပြည်သူများ အိမ်တွင်း၌ပင် အလုပ်လုပ်ကြရန် ထိုင်းအာဏာပိုင်များမှ ညွှန်ကြားထားသည်။