ထိုင်းမှဦးဆောင်မည့် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတွက် အသင့်ရှိနေဟု အမေရိကန် ဆို

Author လင်းနွေဦး
Categories
Published on Feb 13, 2024

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် လိုအပ်လျက်ရှိသည့် လူသားချင်း စာနာထောက်ထားမှုများအတွက် ထောက်ပံ့ကူညီရန် အသင့်ရှိနေသည် ဟု ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန် တွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး နှင့် တွေ့ဆုံမှုအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်(Anthony Blinken) မှ ပြောကြားကြောင်း နိုင်ငံတကာ သတင်းဌာနများမှ ဖော်ပြသည်။

 

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘဟဒ်ဒါ-နျူကရ (Parnpree Bahiddha-Nukara) နှင့် အန်တိုနီဘလင်ကန် တို့ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ လုံခြုံရေး၊ စီးပွားရေး နှင့် ထိုင်းနိုင်ငံမှ ဦးဆောင်အကောင်အထည်ဖော်မည့် မြန်မာနိုင်ငံ အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရေးတို့အား အလေးထား ဆွေးနွေးခဲ့ကြောင်း Bangkok Post ၏ ဖော်ပြချက်အရ သိရသည်။

 

“တွေဆုံမှုက တော်တော်လေးအဆင်ပြေပါတယ် ။အမေရိကန်က အာဆီယံအပေါ် စိတ်ဝင်စားမှုပြင်းပြပြီး ဒေသတွင်းက ထိုင်းနိုင်ငံရဲ့ အရေးပါပုံကိုလည်း မြင်ပါတယ်””ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မှ နိုင်ငံတကာ မီဒီယာများရှေ့တွင် ပြောကြားသည်။

 

ထို့ပြင် မြန်မာနိုင်ငံ၏ အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအပေါ် ကူညီမည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့လမ်းကြောင်းများကို သဘောတူညီကြောင်း၊ ထိုင်းနိုင်ငံအား ကူညီရန် အဆင်သင့်ရှိကြောင်းနှင့် အနာဂတ်တွင် မြန်မာနိုင်ငံ၏ ပဋိပက္ခများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှုများရှိလာမည်ဟု ယုံကြည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှ ထပ်မံပြောကြားသည်။

 

သို့ရာတွင် မည်သို့ကူညီထောက်ပံ့မှု အစီအစဉ်များရှိသည် သာမက လက်ရှိ မြန်မာနိုင်ငံအတွင်း ပဋိပက္ခ များဖြစ်ပွားနေသည့် အတွက် အုပ်ချုပ်ရေးတွင် နှစ်ဖက်အုပ်ချုပ်ရေးအစိုးရ ကွဲပြားမှုများ ရှိနေသည့်အပေါ် မည်သည့် အုပ်ချုပ်ရေးအစိုးရ အဖွဲ့ခေါင်းဆောင်များနှင့် ဆက်သွယ်စီမံမည်ကို လည်း အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိချေ။

 

လတ်တလော ဖြစ်ပွားနေသည့် အရေးကိစ္စများအနက် ထိုင်း-မြန်မာ နယ်စပ်ရှိ အွန်လိုင်းအသုံးပြု ငွေကြေးလိမ်လည်မှုများ (cyber-security) ကိစ္စနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကာ နှစ်နိုင်ငံ ပူးပေါင်း ကာကွယ်မှုများ ပြုလုပ်မည်ဟု အမေရိကန် အတွင်းရေးမှူးချုပ် အန်တိုနီ ဘလင်ကန်မှ ပြောကြားကြောင်း Bangkok Post မှ ဖော်ပြသည်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ဝါရှင်တန် ခရီးစဉ်အတွင်း၌ အမေရိကန် အထက်လွှတ်တော် ဥက္ကဌ တဖြစ်လဲ အရှေ့အာရှ၊ပစိဖိတ် နှင့် အပြည်ပြည်ဆိုင်ရာ အွန်လိုင်းလုံခြုံရေးမူဝါဒဆိုင်ရာ ကော်မတီခွဲ၏ ဥက္ကဌ ဖြစ်သူ ခရစ်ဗန်ဟိုလန် (Chris Van Hollen) နှင့်လည်း တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ရန် ဆောင်ရွက်မှုများအပြင် မြန်မာနိုင်ငံအပေါ်  ထားရှိသော နှစ်ဖက်အတွေးအမြင်များအား ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း နိုင်ငံတကာမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

ဓာတ်ပုံ- Flickr