ဇရပ်ကြီးနှင့် ထန်းတပင်မှ စစ်ဘေးရှောင်များကို ကယ်ထုတ်သူ ကယ်ဆယ်ရေးသမားများအား စစ်ကောင်စီမှ ပစ်မိန့်ပေးဟုဆို အင်တာနက်များလည်း ဖြတ်တောက်ခံထားရ
တိုက်ပွဲများပြင်းထန်နေသည့် ဇရပ်ကြီးမြို့နှင့် အနီးရှိ ထန်းတပင်မြို့မှ စစ်ဘေးရှောင် ပြည်သူများအား ကူညီ ကယ်ထုတ်ပေးနေသည့် ကယ်ဆယ်ရေးသမားများကို စစ်ကောင်စီမှ ဖေဖေါ်ဝါရီ ၁၀ရက်နေ့ ညနေပိုင်းမှ စတင်ကာ ပစ်မိန့်ပေးထားပြီး ဒေသတွင်း အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ပဲခူးတိုင်း၊ ဇရပ်ကြီးမြို့နယ် တွင် ဖေဖော်ဝါရီလ (၆)ရက်နေ့မှ စတင်ကာ ကရင့်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်မဟာ(၂)၊ (၃)၊ (၅) နှင့် PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများမှာ စစ်ဘေးတိမ်းရှောင်နေရသည်။
စစ်ဘေးရှောင်ပြည်သူများအား စစ်ကောင်စီ၏ တောင်ငူမြို့အဝင် စစ်ဆေးရေးဂိတ်မှ ဝင်ရောက်ခွင့် မပေးဘဲ နောက်ကြောင်းပြန်လှည့်ခိုင်းကာ ကူညီသယ်ယူပေးနေသည့် စစ်ဘေးရှောင်ကူညီသူများကိုလည်း သွားရောက်ခွင့် မပြုဘဲ ပစ်မိန့်ပေးထားကြောင်း စစ်ဘေးရှောင် ကူညီသူများထံမှ သိရသည်။
“ဟုတ်တယ်ဗျာ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး ကယ်မရတာ စိတ်တွေ ညစ်တယ် စိတ်တွေလဲလေတယ် ပရဟိတသမားတွေ ပစ်မိန့်ပေးလိုက်ပြီတဲ့၊ ကယ်ဆယ်ထုတ်တဲ့သူတွေ ပစ်မိန့် ပစ်မိန့် ထုတ်လိုက်ပြီ ပစ်မိန့်တဲ့ ပစ်မှာတဲ့” ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက CJ Platform ကိုပြောသည်။
ဒေသတွင်း အင်တာနက်လိုင်းများလည်း ဖြတ်တောက်ခံထားရပြီး လမ်းများပိတ်ထားခြင်းကြောင့် စစ်ဘေးရှောင်များမှာ နီးစပ် ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ကားလမ်းမများနံဘေးတွင် နေထိုင်ကြရသည်။
“ခုက လမ်းတွေပိတ်ထားတယ်လို့လည်း ပြောနေတယ် ဆက်သွယ်ရေးလမ်းကြောင်းတွေပါ သူတို့က ဖြတ်ထားတာ လိုင်းတွေလေ ဖုန်းဘေတွေကတော့မရှိဘူးလေ ခုတယ်လီနောကဒ်နဲ့ အုန်းပင်ပေါ်တက်ပြောနေရတာ လိုင်းကလဲ မိုင်တဲပဲရတယ် မိုင်တဲကလည်း သုံးသူမရှိတော့လို့”ဟု ဇရပ်ကြီးမြို့ တိုက်ပွဲအတွင်း ပိတ်မိနေသူတစ်ဦးက CJ Platform သို့ ပြောသည်။
လမ်းပန်းဆက်သွယ်ရေးများ ဖြတ်တောက်ထားခြင်း၊ စစ်ဘေးရှောင် ကူညီနေသူများအား ဒေသတွင်းသို့ ဝင်ရောက်ခွင့် မပြုခြင်းများကြောင့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာနှင့် နေထိုင်ရန်အတွက် အခက်အခဲများစွာ ရင်ဆိုင်နေကြရကြောင်း သိရသည်။
ပုံစာညွှန်း – စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် ပိတ်မိနေသော စစ်ဘေးရှောင်များအား မြင်ရပုံ