အင်အားချိနဲ့နေသည့် စစ်ကောင်စီမှ စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်း

Author လဂွန်းအိမ်
Categories
Published on Feb 10, 2024

ပြည်သူ့စစ်မှုထမ်းဥပဒေဟု ရေးဆွဲထားသော စစ်မှုမထမ်းမနေရဥပဒေကို ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ညတွင် အမိန့်အမှတ် ၂၇/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ကြောင်း စစ်ကောင်စီမီဒီယာမှ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

 

ယင်းဥပဒေကို ထုတ်ပြန်သည့်နေ့ ယနေ့မှစ၍ အာဏာတည်စေရမည်ဟုပါရှိပြီး ပုံ / မင်းအောင်လှိုင် (ဗိုလ်ချုပ်မှူးကြီး) ဟူ၍ အာဏာသိမ်းစစ်ခေါင်းဆောင်အမိန့်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ယင်းဥပဒေမှာ ယခင်အာဏာသိမ်းအစိုးရဖြစ်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ဥပဒေအားဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်သည်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အမျိုးသားများမှာ အသက် ၁၈ မှ ၃၅  အမျိုးသမီးများမှာ အသက် ၁၈ မှ ၂၇ နှစ်အထိရှိသူများ စစ်မှုထမ်းဆောင်ရမည်ဖြစ်ကြောင်း  ပါဝင်သည်။

 

စက်မှုလက်မှုပညာရပ်များ အပါအဝင် ကျွမ်းကျင်ပညာရှင်များဖြစ်ပါက အမျိုးသားများမှာ အသက် ၄၅ နှစ်ရှိသူအထိ စစ်မှုထမ်းရမည်ဖြစ်ပြီး အမျိုးသမီးများမှာ အသက် ၃၅ နှစ်ရှိသူအထိ အကျုံးဝင်မည်ဖြစ်သည်။

 

ယာယီဆေးအဆင့်နိမ့်နေသူများ၊ နိုင်ငံ၀န်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြား ပြုစုစောင့်ရှောက်မည့်သူ မရှိသည့် မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဖြတ် ကုသမှုခံယူနေသူများနှင့် ထောင်ဒဏ်ကျခံနေရသူများကို ကာလတို ယာယီရွေ့ဆိုင်းခွင့်ပြုသည့်သူများအဖြစ် သတ်မှတ်ထားပြီး ယာယီရွေ့ဆိုင်းခွင့် ပြုထားစဉ် အသက်ကန့်သတ်ချက် ကျော်လွန်သွားသော်လည်း ကင်းလွတ်ခွင့်မပြုပဲ ယာယီရွှေ့ဆိုင်းကာလ ကုန်သည်နှင့် တာ၀န်ထမ်းဆောင်ရမည်ဖြစ်သည်။

 

သာသနာ့ ၀န်ထမ်းများ( မည်သည့် ဘာသာဝင်မဆို )၊ အိမ်ထောင်သည် အမျိုးသမီးများ၊ သားသမီးရှိသည့် အိမ်ထောင်ပျက်အမျိုးသမီးများ၊ ဆေးစစ်ဆေးချက်အရ စစ်မှုထမ်းရန် မသင့်လျော်သူ နှင့် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့မှ သီးခြားအမိန့်ထုတ်ပြန် ကင်းလွတ်ခွင့်ပြုတဲ့သူများ စစ်မှုထမ်းကင်းလွတ်ခွင့်ရမည်ဟုဆိုသည်။

 

စစ်မှုထမ်းကာလအား သာမန် ပြည်သူများ အတွက် ၂ နှစ်ဖြစ်ပြီး ပညာရှင်များကိုမူ ၃ နှစ်သတ်မှတ်ထားပြီး  အရေးပေါ် အခြေအနေများတွင် မည်သူ့ကိုမဆို စစ်မှုထမ်းကာလ ၅ နှစ်အထိ တာ၀န်ထမ်းဆောင်ရန် သက်တမ်းတိုးမြှင့်နိုင်ကြောင်း ပါရှိသည်။

 

ယင်းစစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ခံရသူမှ ပျက်ကွက်လျင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရမည်ဖြစ်ကြောင်းလည်း သိရသည်။

 

” မလုပ်မနေရဆိုပီးအမိန့်လာခေါ်လည်း မလိုက်နိုင်ဘူး၊ PDF ထဲပဲဝင်မှာ ” ဟု ရန်ကုန်မြို့နေ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

 

အဖက်ဖက်မှ အင်အားချိနဲ့လာသော စစ်ကောင်စီသည် စစ်သည်အင်အား ဖြည့်တင်းနိုင်ရေးအတွက် ပြည်သူ့စစ်ဟုဆိုကာ ပြည်သူများကို အတင်းအဓမ္မစစ်မှုထမ်းရန် စေခိုင်းနေသည့်အပြင် ယခုကဲ့သို့ ဥပဒေတစ်ခုကိုပါ အသက်သွင်းလာခြင်းဖြစ်သည်။