ဗြိတိန်ဘုရင် ကင်ဆာရောဂါခံစားနေရ၊ ဧည့်တွေ့ခြင်းများ ရပ်နားမည်ဟုဆို

Author လင်းနွေဦး 
Categories
Published on Feb 06, 2024

ဗြိတိန်ဘုရင် ချာလ်း၌ ကင်ဆာရောဂါခံစားနေရ၍ သာမန်ရုံးပိုင်းဆိုင်ရာ အလုပ်များသာ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းဖော်ပြချက်များအရ သိရသည်။

 

လူမြင်ကွင်းသို့ ထွက်ခြင်းနှင့် နိုင်ငံခြားဧည့်သည် တွေ့ဆုံခြင်းများကို လုပ်ဆောင်နိုင်ဦးမည် မဟုတ်ဟု ဘက်ကင်ဟမ်(BAUCKINGHAM)နန်းတော်က ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် တရားဝင်စာထုတ်ပြန်သည်။

 

သို့သော် အင်္ဂလန် ဝန်ကြီးချုပ် ရီရှီဆူနက်(Rishi Sunak)နှင့် အပတ်စဉ်တွေ့ဆုံဆွေးနွေးမှုကိုမူ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဘက်ကင်ဟန်နန်းတော်အသိုင်းအဝိုင်း၏ ပြောကြားမှုကို နိုင်ငံတကာသတင်းဌာနများက ဖော်ပြသည်။

 

အင်္ဂလန် ဝန်ကြီးချုပ် ရီရှီဆူနက်က “ကျွန်တော်နဲ့ ချာလ်းဘုရင်တို့ ပုံမှန်တွေ့ဆုံနေပါတယ်။ ကျေးဇူးတင်စရာပါပဲဗျာ။ သူ(ချာလ်းဘုရင်) နေမကောင်းတာကို စောစောသိရတာ။ မြန်လို့ ထိရောက်တဲ့ကုသမှုတွေ ခံယူနိုင်မှာပါ” ဟု BBC News သို့ ပြောသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့မှစတင်၍ ချာလ်းဘုရင်၌ ရောဂါဝေဒနာခံစားရသည့် အရိပ်အယောင်များ ပြသခဲ့သဖြင့် ဆေးရုံ၌ စတင်ကုသစစ်ဆေးခြင်းများပြုလုပ်ခဲ့ရပြီး ကင်ဆာရောဂါ ခံစားနေရကြောင်း ယမန်နေ့က ပြည်သူများနှင့် နိုင်ငံတကာသို့ တရားဝင် စာထုတ်ပြန်ခဲ့သည်။

 

အသက် ၇၅ နှစ်အရွယ် ချာလ်းဘုရင်၌ မည်သည့်ကင်ဆာရောဂါအမျိုးအစား ခံစားနေရသည်ကိုမူ ထုတ်ပြန်ချက်အတွင်းမဖော်ပြခဲ့သော်လည်း ယခုအခါ ရောဂါဝေဒနာ မပြင်းထန်စေရန် တော်ဝင်သမားတော်များဖြင့် ဆက်လက်ကုသမှုခံယူနေပြီး ထိန်းနိုင်သည့် အခြေအနေတွင်ရှိသည်ဟု BBC ကမ္ဘာ့သတင်းတွင် ဖော်ပြသည်။

 

ချာလ်းဘုရင်၏ ရောဂါအခြေအနေနှင့်ပတ်သက်၍ “တော်ဝင်မိသားစုဝင်များဖြစ်သည့် သားဖြစ်သူ မင်းသား ဟယ်ရီနှင့် မင်းသား ဝီလီယံတို့ကို ပုဂ္ဂိုလ်ရေးအရသာ ပြောပြခဲ့ပြီး မကြာမီအချိန်တွင် မင်းသား ဟယ်ရီမှာ ဖခင်ဖြစ်သူကို အမေရိကန်မှ လာရောက်တွေ့ဆုံမည်ဖြစ်သည်” ဟု ဘက်ကင်ဟန်နန်းတော်မှ ပြောကြားကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

 

ချာလ်းဘုရင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် စကော့တလန်ရှိ Balmoral(ဘယ်မိုရယ်လ်) ရဲတိုက်တွင် နတ်ရွာစံခဲ့သော ဗြိတိန် နေမဝင်အင်ပါယာကို ဆက်ခံသူ Elizabeth II( အဲလီဇဘက် ၂) ဘုရင်မ၏ သားအကြီးဆုံးဖြစ်ကာ ၁၉၉၆ ခုနှစ်တွင် ကားမတော်တဆမှုဖြင့် ဆုံးပါးခဲ့ရသည့် ကမ္ဘာတဝန်း ကျော်ကြားသည့် Princess Diana(မင်းသမီး ဒိုင်ယာနာ)၏ ခင်ပွန်းဟောင်းလည်းဖြစ်သည်။

 

ဓာတ်ပုံ- CNN

 

ပုံစာ – ဗြိတိန်ဘုရင် ချာလ်းကို နန်းတက်ပွဲ ကျင်းပပြီးနောက် တွေ့မြင်ရစဉ် (ပုံဟောင်း)

Related News

Depend on news