ပစ်ချထားသည့် စစ်ရဟတ်ယာဉ်တစ်စင်းနှင့် AA တပ်ဖွဲ့ဝင်များအတူ ရိုက်ကူးထားသည့် ဓာတ်ပုံကို ညီနောင်သုံးဖွဲ့ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Feb 04, 2024

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့သည့် တိုက်ပွဲတွင်းတစ်နေရာ၌ ပစ်ချခံထားရသည့် စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ်တစ်စင်းနှင့်အတူ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ ဓာတ်ပုံရိုက်ထားသည့် ပုံများကို ယမန်နေ့ (ဖေဖော်ဝါရီ ၃ ရက်) ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါ ဓာတ်ပုံကို ၁၀၂၇ စစ်ဆင်ရေး၏ ရက် (၁၀၀) ပြည့် တိုက်ပွဲသတင်းထုတ်ပြချက်အဖြစ် ပူးတွဲဖော်ပြထားခြင်းဖြစ်ပြီး ယင်းဓာတ်ပုံသည် မည်သည့်နေရာ၊ မည်သည့်နေရက်တွင် ရိုက်ကူးထားခြင်း ဖြစ်သည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။ အဆိုပါ ဓာတ်ပုံနှင့် ပတ်သက်သည့် အချက်အလက်များ အသေးစိတ်ရှိရန်ကိုမူ CJ Platform အနေဖြင့် ရက္ခိုင့်တပ်တော်ထံ ဆက်သယ်မေးမြန်းရန် ကြိုးစားဆဲဖြစ်သည်။

 

စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် ၂၀၂၁ခုနှစ် မေ ၃ရက်နေ့တွင် KIA မှ မိုးမောက်မြို့နယ်တွင် တိုက်ခိုက်ရေး ရယာဉ်ယာဉ်တစ်စင်း၊ ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီ ၃ရက်နေ့တွင် တော်လှန်ရေးအင်အားစုများမှ ရွှေပြည်အေးမြို့တွင် ရဟတ်ယာဉ် တစ်စင်း၊ ဇွန် ၃၀ရက်နေ့တွင် ကရင်နီတော်လှန်ရေးအင်အားစုများမှ ရွာသစ်မြို့အနီးတွင် အပေါ့စားတိုက်လေယာဉ်တစ်စင်း၊ နိုဝင်ဘာ ၁၁ရက်နေ့တွင် ကရင်နီတော်လှန်ရေးအင်အားစုများမှ အပေါ့စားတိုက်လေယာဉ်တစ်စင်း၊ ၂၀၂၄ခုနှစ် ဇန်နဝါရီ ၃ရက်နေ့တွင် KIAမှ ဝိုင်းမော်မြို့တွင် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စင်း၊ ဇန်နဝါရီ ၁၆ရက်နေ့တွင် KIAမှ ကွတ်ခိုင်မြို့နယ်တွင် တိုက်ခိုက်ရေးဂျက်လေယာဉ်တစ်စသ်း၊ ဇန်နဝါရီ ၂၉ရက်နေ့တွင် ကရင်တော်လှန်ရေးအင်အားစုများမှ သင်္ယန်းညီနောင်တွင် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စင်းအား ပစ်ချထားနိုင်ခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

 

လက်ရှိတွင် ရခိုင်ပြည်အနှံ့အပြားတွင် ယခင်နေ့များအတိုင်း တိုက်ပွဲများပြင်းထန်လျက်ရှိပြီး ယမန်နေ့ ညနေပိုင်းတွင် ရမ်းဗြဲမြို့ သိမ်တောင်ဘုရားကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် လူနေရပ်ကွက်အတွင်း ဝင်ရောက်ကာ နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သဖြင့် အမှတ် (၄) ရပ်ကွက်ရှိနေအိမ်အချို့မှာ မီးလောင်ပျက်စီးခဲ့ရသည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ရက္ခိုင့်တပ်တော်သည်  ပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပေးနေသည့် စစ်ကောင်စီ၏ စစ်စခန်းများ၊ ဗျူဟာကုန်းများ၊ တပ်မဌာနချုပ်စခန်းများ၊ လက်နက်ကြီးတပ်စခန်းများနှင့် ရဲတပ်ရင်းစခန်းများကို တစ်စခန်းမကျန် လိုက်လံချေမှုန်းတိုက်ခိုက်နေသည်ဟု ဆိုထားပြီး လက်ရှိတွင် ချင်းပြည် ပလက်ဝဒေသတစ်ခုလုံး၊ ရက္ခိုင်ပြည် ပေါက်တော်မြို့နှင့် ရက္ခိုင်ပြည်အနှံ့အပြားရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်း ကြီး၊ငယ် ပေါင်း (၁၇၀) ကျော်ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလည်းဖြစ်သည်။

 

ဓာတ်ပုံ – ညီနောင်သုံးဖွဲ့

Related News

Depend on news