သင်္ဃန်းညီနောင်တွင် နှစ်ဖက်တိုက်ပွဲများကြား ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံးကာ နေအိမ် လေးလုံးပျက်စီး

Author သီရိ
Categories
Published on Feb 03, 2024

ကရင်ပြည်နယ် ၊မြဝတီမြို့အဝင် သင်္ဃန်းညီနောင်ကျေးရွာအနီးတွင် ယမန်နေ့ ဖေဖေါ်ဝါရီလ ၂ရက်နေ့က စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ၂၇၅တပ်နှင့် သင်္ဃန်းညီနောင် စစ်ကောင်စီဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အနီးရှိကျေးရွာအတွင်းနေ အသက်(၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၂ရက်နေ့ နေ့လယ် ၁၂ နာရီ၂၀ မိနစ်အချိန်မှစတင်ကာ ညနေ ၃နာရီဝန်းကျင်ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ရွာသစ်ကျေးရွာရှိ နေအိမ်လေလုံးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ရွာသစ်ကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

“တိုက်ပွဲက ၁၂နာရီ၂၀ လောက်ကနေ ၂နာရီခွဲကျော်လောက်ရှိတယ် လက်နက်ကြီးက တော့ ဆယ်လုံးလောက် ပစ်သံကြားတယ်၂၇၅ကနဲ့ ညီနောင်ဗျူဟာကုန်းကနေ ပစ်တာပေါ့ အခုကတော့ အသံတွေတိတ်နေတာ လက်နက်ကြီးနဲ့ထိတာက အိမ်လေးအိမ်ထိတာ လက်နက်ကြီးထိတဲ့ ကလေးကလည်း အသက်(၁၀)နှစ် ယောကျ်ားလေး”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

 

တိုက်ပွဲဖြစ်ပွားပြီးနောက် မြဝတီကုန်သွယ်ရေးဇုန်ရှိ လမ်းပိုင်းမှာ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြသော်လည်း သင်္ဃန်းညီနောင်ရှိ အရပ်သားပြည်သူတချို့မှာ မြဝတီမြို့သို့ ပြောင်းရွေ့နေထိုင်လျှက်ရှိကြောင်း မြဝတီမြို့နေ အမျိုးသားတစ်ဦးက ပြောသည်။

“အခုက သွားလို့ရနေတာပဲ မြို့တွင်းကောမြို့ပြင်ကော ဝှေ့ရှမ်းထိလည်း သွားနေကြတာပဲ လမ်းကတော့ ပစ်တဲ့တစ်ချက်ပဲ ပိတ်တယ် အခုတော့ ဖွင့်လိုက်ပြီ ညီနောင်ကလူတွေကတော့မြဝတီဘက်ကို လာနေကြတာတွေတွေ့တယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့ကလည်း မြဝတီကုန်သွယ်ရေးဇုန် အနီးတစ်ဝိုက်နှင့် ရွှေမြစန္ဒီ တိုးချဲ့ရပ်ကွက်သစ်အနီး စစ်ကောင်စီတပ်နှင့် နယ်မြေခံတော်လှန်ရေးအင်အားစုတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့တာကြောင့်  ကျေးရွှေမြစန္ဒီတိုးချဲ့ရပ်ကွက်သစ်ရှိ လူနေအိမ် နှစ်လုံး ပျက်စီးခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာညွှန်း – သင်္ဃန်းညီနောင်ကျေးရွာအတွင်း စစ်ကောင်စီ လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်များ