မြို့ ၁၁ မြို့မှာ မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေ၊ မန္တလေးမှာလည်း မကြာမီစိုးရိမ်ရေမှတ် ရောက်နိုင်လို့ ခန့်မှန်း

Author အညာသား
Categories
Published on Jul 09, 2024

မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ယခုအခါ မြို့ ၁၁ မြို့မှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသလို မန္တလေးမြို့မှာလည်း မကြာမီ စိုးရိမ်ရေမှတ်ရောက်လာနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

 

အဆိုပါမိုးဇလဌာနရဲ့ ဇူလိုင် ၈ ရက် မနက်ပိုင်း တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်းမြို့များ၊ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာမြို့များ၊ နန့်ယင်းနဲ့ နန့်ကောင်း​ ချောင်းရေကြီးမှုကြောင့် မိုးကောင်း စတဲ့မြို့ပေါင်း ၁၁ မြို့မှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေတယ်လို့ သိရပါတယ်။

 

စိုးရိမ်ရေမှတ် ၁၁၅၀ စင်တီမီတာဖြစ်တဲ့ ဗန်းမော်မြို့မှာ ၁၂၃၃ စင်တီမီတာ၊ ၉၃၀ စင်တီမီတာဖြစ်တဲ့ ရွှေကူမြို့မှာ ၁၀ဝ၃ စင်တီမီတာ၊ ၁၀၄၀ စင်တီမီတာဖြစ်တဲ့ ကသာမြို့ မှာ ၁၁၀၁ စင်တီမီတာ၊ ၁၄၈၀ စင်တီမီတာဖြစ်တဲ့ သပိတ်ကျင်းမြို့မှာ ၁၅၇၅ စင်တီမီတာ၊ ၁၃၆၀ စင်တီမီတာဖြစ်တဲ့ ခန္တီးမြို့မှာ ၁၆၄၇ စင်တီမီတာ၊ ၂၉၀ဝ စင်တီမီတာဖြစ်တဲ့ ဟုမ္မလင်းမြို့မှာ ၃၀၉၉ စင်တီမီတာ၊ ၁၂၃၀ စင်တီမီတာဖြစ်တဲ့ မော်လိုက်မြို့မှာ ၁၄၂၆ စင်တီမီတာ၊ ၁၅၅၀ စင်တီမီတာဖြစ်တဲ့ ကလေးဝမြို့မှာ ၁၆၄၁ စင်တီမီတာ၊ ၁၃၅၀ စင်တီမီတာဖြစ်တဲ့ မင်းကင်းမြို့မှာ ၁၄၂၄ စင်တီမီတာ၊ ၁၀ဝ၀ စင်တီမီတာဖြစ်တဲ့ မုံရွာမြို့မှာ ၁၀၁၃ စင်တီမီတာ၊ မိုးကောင်းမြို့ ရဲ့  စိုးရိမ်ရေမှတ်ဟာ နန့်ယင်း/နန့်ကောင်း ချောင်းနှစ်ခုစလုံးမှာ ၆၀ဝ စင်တီမီတာဖြစ်ပြီး နန့်ယင်းချောင်းမှာ ၆၆၈ စင်တီတာသို့ ရောက်ရှိကာ နန့်ကောင်းချောင်းမှာ ၆၄၃ စင်တီမီတာသို့ အသီးသီးကျော်လွန်ရောက်ရှိနေတာဖြစ်ပါတယ်။

 

ဧရာဝတီမြစ်ရေဟာ ဇူလိုင် ၈ ရက် မနက်ပိုင်းက မန္တလေးနဲ့ စစ်ကိုင်းမြို့မှာ စိုးရိမ်ရေမှတ်ရောက်ရှိဖို့ တစ်ပေခွဲခန့်သာ လိုတော့ပြီး နာရီပိုင်းအတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။

 

“မန္တလေးမှာလည်း မြစ်ရေက စိုးရိမ်ရေမှတ်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး။ အရေးပေါ်ဖြစ်လာရင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်မီလုပ်နိုင်ဖို့အတွက်တော့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကင်းစောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတယ်” လို့ မီးသတ်တပ်ဖွဲ့ဝင်နဲ့ နီးစပ်သူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ဧရာဝတီမြစ်ရေမြင့်တက်နေတာကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ နေအိမ်များ ရေလွတ်ရာပြောင်းရွှေ့နေထိုင်ကြရတယ်လို့ အဲဒီက ဒေသခံများထံမှ သိရပါတယ်။

 

မန္တလေးမြို့အောက်ဘက် မြင်းမူ၊ ပုခုက္ကူ၊ ညောင်ဦးမြို့တို့ရှိမြစ်ရေများမှာလည်း လတ်တလော စိုးရိမ်ရေမှတ် ရောက်ရှိဖို့ နှစ်ပေခွဲခန့်သာ လိုတော့ပြီး ရက်ပိုင်းအတွင်း စိုးရိမ်ရေအမှတ်ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

 

ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေအမှတ်ထက် ခြောက်ပေခွဲအထက် ကျော်လွန်ရောက်ရှိနေတာကြောင့် မြို့လုံးကျွတ်နီးပါးရေလွှမ်းမိုးနေပြီး ဒေသခံများရေဘေးကြုံတွေ့နေရကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

 

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေတဲ့မြို့များမှာ မြစ်ရေဆက်လက်မြင့်တက်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်သလို ခန္တီးမြို့တစ်ခုသာ နောက်တစ်ရက်အတွင်း မြစ်ရေ တစ်ပေခန့်ကျဆင်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

 

 

ဓာတ်ပုံ-လူမှုကွန်ရက်

 

ပုံစာ – ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ဟုမ္မလင်းမြို့ ရေဝင်ရောက်နေမှုကို တွေ့ရစဉ်