ရေတာရှည်မှာ စစ်မှုထမ်းကြေး လစဉ်တောင်းခံပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတဲ့ အုပ်ချုပ်ရေးမှူး တိုင်ကြားခံရ

Author CJ Platform
Categories
Published on Jul 17, 2026

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စုမှာ စစ်မှုထမ်းကြေးကို လစဉ် တောင်းခံနေသလို၊ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းနေတဲံ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒေသခံပြည်သူတွေက စုပေါင်းတိုင်ကြားထားတယ်လို့  မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။

 

ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ  စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး ငွေကြေး အဓမ္မတောင်းခံနေတဲ့ ကြံသနွယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေကို အရေးယူပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနထံ ဒေသခံပြည်သူတွေက စုပေါင်းလက်မှတ် ရေးထိုးပြီး တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ မြို့ခံပြည်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။ 

 

“လစဉ် တစ်အိမ်ထောင်ကို ငွေကျပ် သုံးသောင်းနှုန်း ပေးဆောင်နေရပါတယ်။ အုပ်ချုပ်ရေးအဖွဲ့က လူငယ်တွေကို ဖမ်းဆီးပြီး စစ်ထဲကို အတင်းအကျပ် သွင်းတာတွေလည်း ခံနေရပါတယ်။ ရွာထဲမှာ ညဘက်ဆို လူငယ်တွေ အပြင်မထွက်ရဲကြတော့ပါဘူး။ တချို့ရွာတွေဆိုရင် အိမ်ပေါ်အထိ တက်ပြီးတော့ကို ဖမ်းဆီးတာတွေ ရှိနေပါတယ်” လို့ သူက ပြောပါတယ်။

 

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေဟာ ကြံသနွယ်ကျေးရွာအုပ်စုအတွင်းရှိ လက်အောက်ခံ ကျေးရွာ (၈) ရွာမှ ပြည်သူတွေထံ လစဉ် စစ်မှုထမ်းကြေးအဖြစ် ငွေကျပ် ၁ သောင်းကနေ ၃ သောင်းအထိ တောင်းခံနေသလို၊ လူငယ်တွေကို ဖမ်းဆီးပြီး စစ်ထဲသွင်းတာတွေအပြင် ငွေကြေးရယူပြီးမှ ပြန်လည် လွှတ်ပေးတာတွေလည်း ရှိနေကြောင်း ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။ 

 

“စစ်မှုထမ်းကြေးကို ၁ သောင်းပေးရတဲ့ ရွာလည်းရှိတယ်၊ ၃ သောင်းပေးရတဲ့ ရွာလည်းရှိပါတယ်။ ငွေပေးဆောင်နေတဲ့ကြားကပဲ ဇော်ဇော်မောင်ဆိုတဲ့ လူငယ်တစ်ဦးကို ရွာဝင်လမ်းမှာ ဖမ်းဆီးပြီး စစ်ထဲသွင်းလိုက်ပါတယ်။ အိမ်ပေါ်အထိ တက်ဖမ်းပြီးမှ ငွေသိန်းဆယ်ချီ တောင်းခံပြီးမှ ပြန်လွှတ်ပေးတာမျိုးတွေလည်း လုပ်နေပါတယ်” လို့ သူက ရှင်းပြပါတယ်။

 

ကြံသနွယ်ကျေးရွာအုပ်စုမှာ ကျေးရွာ (၉) ရွာ ပါဝင်ပြီး၊ အဆိုပါ ကျေးရွာတွေမှာ ကြံသနွယ်၊ ချန်ကျောင်း၊ မြောက်နန်ချွန်၊ တောင်နန်ချွန်၊ အရှေ့နန်ချွန်၊ ဆိုင်တမော့ကြီး၊ ဆိုင်တမောလေး၊ ခက်သစ်နဲ့ ခေါင်းဖက်ကျေးရွာတို့ ဖြစ်ကြပါတယ်။ တိုင်ကြားစာထဲမှာပါဝင်တဲ့ အချက်အလက်တွေအရ ဇွန်လ ၂၇ ရက်နေ့တုန်းကလည်း ကြံသနွယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေဟာ လယ်တောကပြန်လာတဲ့ လူငယ်တစ်ဦးဖြစ်သူ ရဲဝင်းကျော်ကို ဖမ်းဆီးပြီးနောက် စစ်မှုထမ်းမလိုချင်ရင် ငွေကျပ် သိန်း ၄၀ ပေးရမယ်လို့ တောင်းခံခဲ့ရာ မိဘတွေက ငွေကျပ် သိန်း ၂၀ ပေးဆောင်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

 

စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်က အတည်ပြုခဲ့ပြီး၊ မတ်လ ၃၀ ရက်နေ့ကစတင်ကာ အပတ်စဉ် (၁) သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ရာ ယခုဆိုရင် အပတ်စဉ် (၂၇) အထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news