လယ်ဝေးနဲ့ ရန်ကုန်မှာ ကျပ် ၂၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ
စစ်အုပ်စု အခြေစိုက်တဲ့ နေပြည်တော် လယ်ဝေးမြို့နယ်နဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့တို့မှာ စုစုပေါင်းကာလတန်ဖိုး ငွေကျပ် ၂၀ ဒသမ ၂၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၈၁၀ ကီလိုဂရမ်နဲ့အတူ မူးယစ်ဆေးဝါး ကွင်းဆက်မှောင်ခိုဂိုဏ်းတွေကို ဆက်တိုက်ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC Myanmar) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးမှာ ကိုကျော်ဦး မောင်းနှင်ပြီး ကိုဇော်ဇော်ထွန်း လိုက်ပါလာတဲ့ ၆ ဘီးယာဉ်တစ်စီးပေါ်မှ ငွေကျပ် ၁၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် ၅၀၀ ကီလိုဂရမ်ကို စတင်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါးပူးပေါင်းအဖွဲ့ဟာ ရန်ကုန်မြို့အတွင်းက ကွင်းဆက်တွေကို ဆက်လက်ဖမ်းဆီးခဲ့ရာ ဇူလိုင် ၇ ရက် ည ၇ နာရီခွဲမှာ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းဆုံမှာ မူးယစ်ဆေး သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူ ကိုဇေယျာလင်းနဲ့ ထွေးမင်းဇော်တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဇူလိုင်လ ၈ ရက် မနက် ၈ နာရီခွဲမှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၉) ရပ်ကွက်မှာ ကိုမျိုးသန်းဆိုသူကို TOYOTA HILUX SURF ယာဉ် ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ထုတ်ပြန်ချက်အရတော့ အဲဒီနေ့ မနက် ၁၀ နာရီခွဲခန့်မှာ ဒလမြို့၊ မှောက်စက်ရပ်ကွက်၊ ရန်ကုန်မြစ်ကမ်းမှာ စိုက်ကပ်ထားတဲ့ မိဘမေတ္တာ (၁) စက်လှေပေါ်မှ ကိုခင်မောင်ထွန်း၊ စမျိုးမင်း၊ ကိုကျော်ကျော်ဝင်း၊ ကိုဝင်းနိုင်ဦး၊ ကိုမိုးဇော်ဦး၊ ကိုမောင်မောင်၊ ကိုချိုလွင်၊ ကိုသန်းဝေ၊ ကိုလှမျိုးခိုင်၊ ကိုမြင့်ခိုင်တို့ ၁၀ ဦးနဲ့အတူ ငွေကျပ် ၇ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် ၃၁၀ ကီလိုဂရမ်ကို ဆက်လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်၊၊
ဒါ့အပြင် ပင်လယ်ပြင်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ ကိုကျော်ဦးနဲ့ ကွမ်းခြံကုန်းမြို့နယ်က ကိုရာဇာဟိန်းဆိုသူကို ဗိုလ်တထောင်မြို့နယ်မှာ ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စု ရဲတပ်ဖွဲ့ရဲ့အဆိုအရတော့ ကွင်းဆက်စစ်ဆေးချက်တွေအရ အဆိုပါ အိုက်စ်မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ရန်ကုန်သို့ တာဝန်ခံသယ်ဆောင်သူမှာ လားရှိုးမြို့နယ်၊ ပန်ဟိုးကျေးရွာနေ ရန်ကြားရှော (ခ) ရန်ကုလား ဖြစ်ပြီး လက်ရှိမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်၊၊
ရန်ကုန်မှတစ်ဆင့် ပင်လယ်ပြင်ကို တင်ပို့ရာမှာ မှော်ဘီမြို့နယ်၊ညောင်ပင်သာရွာနေ ဝီလျံထွန်းကုမ္ပဏီပိုင်ရှင် ဝေထွန်း (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး၊ သူနဲ့အတူ မူးယစ်ဆေးဝါးတွေကို ရန်ကုန်မှ ပင်လယ်ပြင်ကို သယ်ဆောင် ရောင်းဝယ်ရာမှာ ဝီလျံထွန်းကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်ကြတဲ့ ဒေါပုံမြို့နယ်နေ ကိုမြတ်သူ (ဖမ်းဆီးရန်ကျန်)၊ တာမွေမြို့နယ်နေ ကိုရာဇာဟိန်း (ခ) ရာဇာနဲ့ မြောက်ဒဂုံမြို့နယ်နေ ကိုမျိုးသန်း တို့ ပူးပေါင်းပါဝင်ခဲ့ကြတာလို့ ဆိုပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိသူတွေနဲ့ ထွက်ပြေးလွတ်မြောက်နေသူ တွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ စစ်အုပ်စုရဲ့ CCDAC Myanmar ကထုတ်ပြန်ထားပါတယ်၊၊
ဓာတ်ပုံ – Pro-SAC
