ဓားစာခံ လေးဦးကို အစ္စရေးတို့ကယ်ထုတ်၊ အစ္စရေးတို့ စီးနင်းတိုက်ခိုက်မှုကြောင့် လူ (၅၀) သေဆုံးလို့ ပါလက်စတိုင်းဘက်ကပြော

Author အဂ္ဂ
Categories
Published on Jun 09, 2024

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းမှာရှိတဲ့ နေရာတစ်ခုကို အစ္စရေးစစ်တပ်က ဒီကနေ့ ဇွန် ၈ ရက်မှာ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ထိန်းသိမ်းခံထားရတဲ့ ဓားစာခံလေးဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုခဲ့တဲ့အခိုက်မှာပဲ ပါလက်စတိုင်းဘက်ကလည်း ဂါဇာကမ်းမြောင် အလယ်ပိုင်းက နေရာတစ်ခုကို  အစ္စရေးတို့ဘက်က စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း (၅၀) လောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

 

ဓားစာခံကယ်ဆင်ရေးနဲ့  လူအသေအပျောက်အများကြီး ရှိခဲ့တဲ့ စစ်ဆင်ရေးဟာ တူညီတဲ့ စစ်ဆင်ရေး ဟုတ်မဟုတ်ကတော့ လတ်တလောမှာ အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဖြစ်စဉ်နှစ်ခုစလုံးကတော့ အစ္စရေး- ဟားမက်စ်တို့ရဲ့ ရှစ်လကြာတိုက်ပွဲအတွင်း ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်လေ့ရှိတဲ့ အယ်နူဆီရက် (al- Nuseirat) ဒေသမှာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

ဟားမက်စ်တွေ လက်ထဲက ကယ်ဆယ်နိုင်ခဲ့တဲ့ အစ္စရေး စားစာခံတွေဟာ အသက် (၂၅) နှစ်အရွယ် နိုအာ အာဂါမန်နီ (Noa Argamani)၊ အသက် (၂၁) နှစ်အရွယ် အယ်မော့ မဲရ်ဂျန် (Almog Meir Jan)၊ အသက် (၂၇) နှစ်အရွယ် အန်ဒရေ ကော့်ဇ်လို့ဗ် (Andrey Kozlov) နဲ့ အသက် (၄၀) အရွယ်ရှိပြီဖြစ်တဲ့ ရှလိုမီဇစ်ဗ် (Shlomi Ziv) တို့ဖြစ်ပြီး လက်ရှိမှာ ဆေးရုံကိုပို့ဆောင်ထားကာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ထားပြီးတဲ့နောက် ကျန်းမာရေးကောင်းမွန်တဲ့ အခြေအနေမှာ ရှိတယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။

 

သူတို့လေးယောက်စလုံးဟာ အစ္စရေး- ဟားမက်စ်စစ်ပွဲဖြစ်စေခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ (၇) ရက်နေ့မှာ အစ္စရေးဘက်က ရွာနဲ့ မြို့တွေကကို ဟားမက်စ်တို့က ပစ်ခိုက်တိုက်ခိုက်စီးနင်းခဲ့စဉ် နိုဗာ ဂီတပွဲတော်အတွင်းကနေ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

အစ္စရေးအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ဟားမက်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား (၁၂၀၀) ကျော်သေဆုံးခဲ့ရတယ်လို့ သိရပြီး အစ္စရေးဘက်က လက်တုံ့ပြန်တဲ့ အနေနဲ့ ဂါဇာကမ်းမြောင် ဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ မြေပြင်ကနေ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် မနေ့ ဇွန် ၈ ရက်အထိ နောက်ဆုံးရတဲ့ အချက်အလက်တွေအရ ပါလက်စတိုင်းဘက်က လူပေါင်း (၃၆,၈၀၁) ဦး အနည်းဆုံး သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်းကျန်းမာရေး ဝန်ကြီးဌာက ပြောပါတယ်။

 

ဟားမက်စ်တွေဟာ အောက်တိုဘာ (၇) ရက်နေ့ တိုက်ခိုက်မှုမှာ အစ္စရေး ဓားစာခံ (၂၅၀) ဝန်းကျင်ကို ဂါဇာကမ်းမြောင်ဒေသဘက်ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး လက်ရှိမှာတော့ အစ္စရေးဘက်က သေဆုံးသွားပြီလို့ ကြေညာထားတဲ့ လူပေါင်း (၄၀) အပါအဝင် (၁၁၆) ယောက်ဟာ ဟားမက်စ်တွေလက်ထဲမှာ ရှိနေတယ်လို့ အစ္စရေး စစ်တပ်ဘက်က ဆိုပါတယ်။

 

အစ္စရေး သတင်းဌာနတစ်ခုဖြစ်တဲ့ News 12 (N 12) သတင်းဌာနရဲ့ ရုပ်သံထုတ်လွှင့်မှုထဲမှာ အာဂါမန်နီဟာ သူ(မ)ရဲ့ ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့ခိုက်မှာ ပွေ့ဖက်ပြီး ပြုံးပျော်နေတဲ့ ရုပ်သံကိုလည်း ပြသခဲ့ပါတယ်။ အောက်တိုလာ (၇) ရက်မှာ ဟားမက်စ်တို့ရဲ့ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရတဲ့ အာဂါမန်နီရဲ့ ရုပ်သံကလည်း အဲ့အချိန်တုန်းက အတော်လေးပျံ့နှံ့ခဲ့ပါသေးတယ်။

 

အစ္စရေးစစ်တပ်ဟာ အယ်နူဆီရက်ဒေသမှာရှိတဲ့ ဟားမက်စ်တွေရဲ့ အခြေစိုက်ရာ အဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်မှာဖြစ်တယ်လို့ ဒီကနေ့ မနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပြီး ဒါဟာ စစ်ဆင်ရေးဆောင်ရွက်နေစဉ်မှာ သတင်းထုတ်ပြန်လေ့မရှိတဲ့ အစ္စရေးစစ်တပ်ရဲ့ ပုံမှန်မဟုတ်တဲ့ ကြေညာချက်တစ်ခုလည်း ဖြစ်ပါတယ်။

 

သမိုင်းဝင်ပါလက်စတိုင်း ဒုက္ခသည်စခန်းတစ်ခုလည်းဖြစ်တဲ့ အယ်နူဆီရက်ဟာ ရှစ်လကြာစစ်ပွဲအတွင်း အစ္စရေးတို့ရဲ့ အပြင်းအထန်ဗုံးကြဲခြင်းဒဏ်ကိုလည်း မကြာခဏခံခဲ့ရသလို ဒုက္ခသည်စခန်းရဲ့ အရှေ့ဘက်အရပ်မှာဆိုရင်လည်း မြေပြင်ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါသေးတယ်။

 

အစ္စရေးစစ်တပ်ရဲ့ အယ်နူဆီရက်စခန်းကို စီးနင်းတိုက်ခိုက်စဉ်အတွင်းမှာ ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒါဇင်နဲ့ချီတဲ့လူတွေ သေဆုံးခဲ့ရသလို ဒါဇင်နဲ့ချီပြီးတော့လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့မှာပဲ ထုတ်ပြန်ပါတယ်။ ထိခိုက်ဒဏ်ရာရသူ အရေအတွက် အတိအကျကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိမှာ သေဆုံးသူအရေအတွက်ဟာ (၅၀) ကျော်ရှိခဲ့ပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရထားသူတွေကို ကယ်ဆယ်ရေး သမားတွေက အနီးနားက ဒယ်ရ်အယ်ဘယ်လာ (Deir al-Balah) မြို့က ဆေးရုံကို ပို့ဆောင်ဖို့ ကြိုးပမ်းနေပေမယ့် ရုပ်အလောင်းတွေဟာ ဈေးပတ်လမ်းအပါအဝင် လမ်းမတွေပေါ်မှာ ပြန့်ကြဲလျက် ရှိနေသေးဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒေသခံပြည်သူတွေကလည်း အစ္စရေးတို့ရဲ့ ဒရုန်းနဲ့ဗုံးကြဲတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံးခဲ့ရတဲ့  အယ်နူဆီရက်က သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။

 

အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီရယ် ဟာဂါရီ (Daniel Hagari) ကတော့ ဓားစာခံကယ်ဆယ်ရေး စစ်ဆင်ရေးဟာ ဓားစာခံတွေကို အရပ်သားတွေကြားထဲမှာ လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့ ထားထားတဲ့ လူနေရပ်ကွက်အလယ်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကြားထဲကနေ ကယ်ထုတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ရုပ်သံသတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ အစ္စရေးစစ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့သလို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြန်လည်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဟာဂါရီက ပြောခဲ့ပါတယ်။

 

အစ္စရေးတို့ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အမေရိကန်က အပစ်အခတ်ရပ်စဲဖို့နဲ့ အစ္စရေးတို့ဖမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ ဟားမက်စ်တို့ဖမ်းထားတဲ့ ဓားစာခံတွေလဲလှယ်ကြဖို့ ဆိုပြီး ဖိအားမျိုးစုံ ပေးနေပေမယ့်လည်း အစ္စရေး- ဟားမက်စ် စစ်ပွဲကတော့ အရှိန်လျော့သွားမယ့် အရိပ်အယောင်ရှိမနေပါဘူး။

 

အစ္စရေးဟားမက်စ်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသဟာ မတည်ငြိမ်မှုတွေ ကြုံတွေ့နေရသလို လက်ရှိမှာလည်း ဟားမက်စ်တို့ကို ကျောထောက်နောက်ခံပေးထားတဲ့ အီရန်နဲ့ လက်ဘနွန် မဟာမိတ်ဖြစ်တဲ့ လက်နက်အင်အားတောင့်တင်းတဲ့ ဟစ်ဇ်ဘိုလာတို့ကပါ စစ်ပွဲထဲ ပါဝင်မယ့် အခြေအနေမျိုးရှိနေပြီး အစ္စရေး အာဏာပိုင်တွေကလည်း အစ္စရေး-လက်ဘနွန်နယ်စပ်ဖြစ်တဲ့ အစ္စရေးမြောက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်မယ်လို့  ခြိမ်းခြောက်လျက်လည်းရှိပါတယ်။

 

ပုံစာညွှန်း- အစ္စရေးစစ်တပ်က ဓားစာခံလေးဦးကို အသက်ရှင်ရက် ကယ်တင်နိုင်ခဲ့ပြီလို့ ကြေညာလိုက်ပြီးတဲ့နောက် ဆေးရုံရှေ့မှာ အောင်ပွဲခံနေတဲ့ အစ္စရေးနိုင်ငံသားများ

 

ဓာတ်ပုံ- REUTERS/Marko Djurica

 

ကိုးကား – Reuters