ထိုင်းနိုင်ငံသားလေးဦး လွှတ်မယ်ပြောပြီး ပြန်မလွှတ်ပေးလို့ စစ်ကောင်စီရဲ့ အကြောင်းပြန်ချက် စောင့်နေတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးပြော
မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့ ထိုင်းငါးဖမ်းလုပ်သားလေးဦးကို ပြန်လွှတ်ပြီး ထိုင်းနိုင်ငံဘက်ကို ပြန်ပို့မယ်ဆိုတာ သေချာ မသိရှိရသေးဘဲ မြန်မာစစ်ကောင်စီရဲ့ အကြောင်းပြန် ကြားချက်ကို စောင့်ဆိုင်းနေရတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝေချာယာချိုင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံသားလေးဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီဘက်က ကတိပြု ပြောဆိုခဲ့ပေမဲ့ အမှန်တကယ် မလွှတ်ပေးဘဲ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုင်းငါးဖမ်းလုပ်သားတွေ ပြန်လွှတ်ပေးဖို့အတွက် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနဘက်နဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး မြန်မာနိုင်ငံမှာ လိုက်နာရမဲ့ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေရှိကြောင်း၊ ဘယ်ချိန်မှာ ပြန်လွှတ်မယ်ဆိုတာ မသိရသေးကြောင်း ဖော်ပြခဲ့ပါတယ်။
“အစကတော့ ဒီကိစ္စက နှစ်နိုင်ငံရဲ့ နယ်စပ်ကော်မတီတွေကြားမှာပဲ ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ထင်ခဲ့တာ။ ဒါပေမဲ့ ငါးဖမ်းလုပ်သားတွေကို ပြန်လွှတ်ဖို့က မြန်မာအစိုးရ (စစ်ကောင်စီ) ရဲ့ ခွင့်ပြုချက် လိုအပ်တယ်ဆိုတာ ပြီးမှသိရတယ်” လို့ မစ္စတာဖွန်သမ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် မြန်မာလှည့်ကင်းသင်္ဘောဟာ ထိုင်းငါးဖမ်းလှေအုပ်စုကို ဘာကြောင့် ပစ်ခတ်ခဲ့တာလဲ၊ သူတို့က မြန်မာ့ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့လို့လား ဆိုတာတွေကလည်း မရှင်းလင်းသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။ အခုလို လုပ်ဆောင်မှုဟာ လွန်ကဲတဲ့ တုံ့ပြန်မှု တစ်ခုအဖြစ် ယူဆပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံဘက်ကို ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။
ဆက်လက်ပြီး ထိုင်းငါးဖမ်းလုပ်သားတွေ ပြန်လွှတ်မဲ့ အချိန်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ မပေးကြဖို့ကိုလည်း သတင်းဌာနတွေကို မစ္စမာဖွန်သမ်က တောင်းဆိုထားပါတယ်။
ထိုင်းငါးဖမ်းသင်္ဘောတွေဟာ ပြီးခဲ့တတဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထိုင်းနိုင်ငံ ရနောင်းခရိုင်အနီးက ပင်လယ်ပြင်မှာ ငါးဖမ်းနေစဉ် မြန်မာလှည့်ကင်းသင်္ဘောတွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရပြီး ထိုင်းနိုင်ငံသားလေးဦး၊ မြန်မာနိုင်ငံသား ၂၇ ဦး ပေါင်း ၃၁ ဦးဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ထိုင်းငါးဖမ်းလှေတွေဟာ မြန်မာ့ရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်ငါးဖမ်းခဲ့သလို လှေပေါ်မှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ လက်နက်မဟုတ်တဲ့ ပစ္စည်းတွေကိုလည်း တွေ့ရှိတာကြောင့် စစ်ဆေးနေတယ်လို့ ဒီဇင်ဘာ ၂ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ တွေ့ရှိတဲ့ ပစ္စည်းတွေဟာ ဘယ်လိုပစ္စည်းတွေ ဖြစ်တယ်ဆိုတာကိုတော့ တိတိကျကျ ဖော်ပြထားခြင်း မရှိသလို ထိုင်းနိုင်ငံသားလေးဦးကို ပြန်လွှတ်ပေးမယ်လို့ ပြောဆိုခဲ့ပေမဲ့ ကတိဖောက်ဖျက်ပြီး လက်ရှိ အချိန်ထိ ဖမ်းဆီး ထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဘက်ကလည်း အခုကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ ပြင်ဆင်နေသလို ဒေသဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထိုင်းနိုင်ငံသားလေးဦးနဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။
အရင်က ဖြစ်ခဲ့ဖူးတဲ့ အလားတူ ဖြစ်ရပ်တွေမှာ ဆိုရင်လည်း ထိုင်းရေလုပ်သားတွေကို ပြန်မလွှတ်ပေးခင်မှာ အချိန်ကြာမြင့်တဲ့ ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ လုပ်ဆောင်လေ့ရှိတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ- Thai PBS News
ပုံစာ- သတင်းထောက်တွေကို မေးခွန်း ဖြေကြားနေတဲ့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝေချာယာချိုင်း
ကိုးကား- Thai PBS News, Bangkok Post