iPhone 16 ရောင်းချခွင့်ကို အင်ဒိုနီးရှား ဆက်လက်ပိတ်ပင်

Author CJ Platform
Categories
Published on Jan 09, 2025

အင်ဒိုနီးရှားအာဏာပိုင်တွေဟာ အက်ပဲလ် (Apple) ကုမ္ပဏီနဲ့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံတန်ကြေးရှိတဲ့ စက်ရုံတစ်ခုကို နိုင်ငံတွင်းမှာ တည်ဆောက်ဖို့ သဘောတူညီချက် ရခဲ့ပေမဲ့ Apple က ထုတ်လုပ်တဲ့ iPhone 16 တွေကိုတော့ နိုင်ငံတွင်းမှာ ရောင်းချခွင့် ဆက်လက်ပိတ်ပင်ထားဦးမယ်လို့ စက်မှုဝန်ကြီးက ယမန်နေ့ ဇန်နဝါရီ ၈ ရက်နေ့မှာ ပြောပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလကတည်းက iPhone 16 တွေကို ရောင်းချခွင့်ပိတ်ပင်ခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ စည်းမျဉ်းစကမ်းဖြစ်တဲ့ “ပြည်တွင်းမှာ ရောင်းချတဲ့ စမတ်ဖုန်းတွေဟာ ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ အစိတ်အပိုင်း အနည်းဆုံး ၃၅ ရာခိုင်နှုန်း ပါဝင်ရမယ်”ဆိုတဲ့ လိုအပ်ချက်နဲ့ မကိုက်ညီတာကြောင့် ရောင်းချခွင့် ပိတ်ပင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

 

Apple ကုမ္ပဏီဟာ စင်္ကာပူနိုင်ငံနဲ့နီးကပ်တဲ့ အင်ဒိုနီးရှားနိုင်ငံပိုင် ဘာတန် (Batam) ကျွန်းမှာ ခြေရာခံကိရိယာ AirTag တွေထုတ်လုပ်တဲ့ စက်ရုံတည်ဆောက်ဖို့ သဘောတူညီချက်ရခဲ့ပေမဲ့ အဲဒီကိရိယာတွေကို ဒေသတွင်းမှာထုတ်လုပ်တဲ့ iPhone အစိတ်အပိုင်းအဖြစ် ထည့်သွင်းတွက်ချက်သွားမှာ မဟုတ်ဘူးလို့ စက်မှုဝန်ကြီး အဂက်စ်ဂူမီဝမ် ကာတာဆာဆမီတာက ပြောပါတယ်။

 

 

“စက်ရုံက (ဖုန်းနဲ့) တိုက်ရိုက်ဆက်စပ်ပတ်သက်မှု မရှိတာကြောင့် Apple ကုမ္ပဏီအနေနဲ့ iPhone 16 ရောင်းချဖို့အတွက် လိုအပ်တဲ့ အသိအမှတ်ပြုလက်မှတ်ကို ဝန်ကြီးဌာနကဘက်က ထုတ်ပေးသွားဖို့မရှိပါဘူး။ (စက်ရုံကထုတ်မယ့် ပစ္စည်းတွေကိုလည်း) ဖုန်းရဲ့အစိတ်အပိုင်းအဖြစ် ဝန်ကြီးဌာနက ထည့်သွင်းရေတွက်သွားမှာ မဟုတ်ပါဘူး”လို့ မစ္စတာ အဂက်စ်က ပြောပါတယ်။

 

အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာကတော့ စက်ရုံဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံတန်ကြေးရှိပြီး လာမယ့် ၂၀၂၆ ခုနှစ်မှာ စတင်လည်ပတ်နိုင်မှာဖြစ်တယ်လို့ ဇန်နဝါရီ ၇ ရက်နေ့နှောင်းပိုင်းမှာ ပြောထားပါတယ်။

 

Apple ရဲ့ ကမ္ဘာလုံးဆိုင်ရာ အစိုးရရေးရာဌာနရဲ့ ဒုတိယဥက္ကဋ္ဌ နစ်ခ်အမ်မန်းနဲ့ နှစ်ရက်ကြာတွေ့ဆုံခဲ့တဲ့ မစ္စတာ အဂက်စ်က Apple ကုမ္ပဏိဟာ အင်ဒိုနီးရှားနိုင်ငံဘက်က သဘောမတူခဲ့တဲ့ တချို့အရာတွေအတွက် မတူကွဲပြားတဲ့ ရင်းနှီးမြုပ်နှံမှု တွေကိုလည်း အဆိုပြုခဲ့တယ်လို့ ပြောပါတယ်။

 

လူဦးရေ သန်း ၂၈၀ ဝန်းကျင်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ Apple ကုမ္ပဏီက စက်ရုံတစ်ရုံမှမရှိပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစလို့ အပလီကေးရှင်းတွေ ဖန်တီးရေးဆွဲမယ့်သူတွေအတွက် အကယ်ဒမီတွေ ဖွင့်လှစ်ပေးထားပါတယ်။

 

ဓာတ်ပုံ -REUTERS/Manuel Orbegozo/File Photo

 

ပုံစာ- ယမန်နှစ် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုမြို့မှာရှိတဲ့ Apple Park မှာပြုလုပ်တဲ့ iPhone အသစ် မိတ်ဆက်ပြသပွဲကို ပွဲတက်ရောက်လာသူနှစ်ဦးက iPhone 16 ကို ကိုင်ထားစဉ်

 

ကိုးကား- Reuters