စမ်းချောင်း၊ ကျွန်းတော(အလယ်)ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရလို့ သေဆုံး

Author ကိုထက်
Categories
Published on Jul 08, 2024

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(အလယ်)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇွန်လ ၆ ရက်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားတယ်လို့ ‌အဲဒီရပ်ကွက်နေသူများထံမှ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်က ကျွန်းတော(အလယ်)ရပ်ကွက်၊ ဗဟိုလမ်းမ(ဖျာပုံလမ်းထိပ်)ရှိ ကြက်ဆီထမင်းဆိုင်မှာ သေနတ်နဲ့ လေးချက်အပစ်ခံလိုက်ရတာလို့ ဖျာပုံလမ်းနေသူတစ်ဦးက ပြောပါတယ်။

 

“သူက အသိနှစ်ယောက်လောက်နဲ့ ကြက်ဆီထမင်းဆိုင်မှာထိုင်နေတာ။ မက်စ်တပ်ထားတဲ့သူနှစ်ယောက် ပစ်သွားတာ။ လေးချက်ထိသွားတယ်။ ခေါင်းကိုလည်းပါတယ်။ ပွဲချင်းပြီးပဲ။ ဆိုင်လည်း အဲဒါဖြစ်ပြီးပိတ်လိုက်တယ်” လို့ ၎င်းက ပြောပါတယ်။

 

ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက စမ်းချောင်းတစ်မြို့နယ်လုံး ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဗားကရာလမ်းနေ ပြည်သူတစ်ဦးက ပြောပါတယ်။

 

“ဗဟိုလမ်းကို အဓိကပိတ်စစ်တာ။ ကျွန်းတောလမ်းထဲက လမ်းသွယ်တွေကိုလည်း ၁ နာရီ၊ ၂ နာရီလောက်ပိတ်ပြီးစစ်ဆေးတာ။ အိမ်တွေကို ဝင်ရှာတာတွေလုပ်တယ်။ တစ်မြို့နယ်လုံးကိုပါပဲ” လို့ ၎င်းက ပြောပါတယ်။

 

စစ်မှုထမ်းဥပဒေဖော်ဆောင်တဲ့ စမ်းချောင်းမြို့နယ်က ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ အမည်စာရင်းကို တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပြီးနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့  နုတ်ထွက်တာတွေလည်း ရှိခဲ့ပါတယ်။

 

ရန်ကုန်မှာ စစ်ကောင်စီရဲ့ပြည်သူတွေကို ဖိနှိပ်ဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့ စစ်မှုထမ်းဥပဒေကိုဖော်ဆောင်ဖို့ အတင်းအကျပ်လုပ်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်သတ်ဖြတ်ခံရတာတွေ ရှိနေတာပါ။

 

ပြီးခဲ့တဲ့ မေလ ၃၀ ရက် ညပိုင်းကလည်း ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရာအိမ်မှူးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလကလည်း အင်းစိန်မြို့နယ် ပေါက်တောရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါ‌သေးတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – စမ်းချောင်းမြို့နယ်တွင်းစစ်ကောင်စီတပ်စစ်ဆေးနေစဉ်