ရန်ကုန်မှာ စစ်မှုထမ်းဖို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ဇနီးနဲ့ သားသမီး စာရင်းများ စတင်ကောက်ယူ

Author သုတ
Categories
Published on Jul 08, 2024

ချန်ထားလေ့ရှိသော ရန်ကုန်တိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးများရဲ့ ဇနီးနဲ့ သားသမီးတွေကိုလည်း ဇူလိုင်လ ၆ ရက်နေ့မှစပြီး နာမည်စာရင်းစတင်ကောက်ခံနေပြီဖြစ်ကြောင်း ၎င်းတို့အသိုင်းအဝိုင်းထံမှ သိရပါတယ်။

 

ဖေဖော်ဝါရီလ ၁၀ ရက်က စစ်ကောင်စီ အတည်ပြုလိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေနဲ့ မတ်လကစပြီး အပတ်စဉ် ၁ အတွက် စစ်သားစုဆောင်းရေးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

 

အဲဒီမှာ အတင်းအဓမ္မစစ်သားစု‌ဆောင်းခြင်း၊ ဖမ်းဆီးခြင်းတွေ ပြုလုပ်ပြီး စစ်သင်တန်းပေးကာ ရှေ့တန်းစစ်မျက်နှာတွေကို ပို့ဆောင်မှုတွေရှိနေပေမဲ့ အုပ်ချုပ်ရေးအဖွဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတွေ၊ လာဘ်ထိုးထားသူတွေကိုတော့ စစ်မှုထမ်းစာရင်းကနေ ချန်လှပ်ပေးထားတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။

 

အခုတော့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ဇနီးနဲ့ သားသမီး နာမည်စာရင်းတွေကိုပါ တိုင်း/ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဆင့်ဆင့်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ တောင်းခံထားတယ်လို့ အမည်မဖော်လိုတဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

 

“ဇူလိုင်လ ၆ ရက်နေ့ကစပြီး အုပ်ချုပ်ရေးမှူးတွေရဲ့ ဇနီးနဲ့သား/သမီးတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို ဖြည့်စွက်ပေးပြီး အထက်ကိုပေးပို့ဖို့ တောင်းထားပါတယ်။ စစ်မှုထမ်းဖို့အတွက်ဆိုပြီး ပြောပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဒီသတင်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို CJ Platform က  ဆက်သွယ်မေးမြန်းခဲ့ရာ စာရင်းတောင်းခံထားသည်ကို အတည်ပြုပေမဲ့ ၎င်းလည်း ဒွိဟဖြစ်နေတယ်လို့ ပြောပါတယ်။

 

“ဒီကိစ္စက စဉ်းစားစရာဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ စစ်မှုထမ်းဖို့အတွက် အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိလေ၊ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်လို့ သူတို့ပြောထားတာ။ ကျွန်တော့်မှာ သားနှစ်ယောက် ရှိတယ်။ နှစ်ယောက်လုံး အသက် ၃၅ နှစ်ကျော်နေပြီ။ အခုက ရပ်ကွက်အုပ်ချုပ်ရေးမှူးအားလုံးရဲ့  ဇနီးနဲ့ သားသမီးတွေကို စစ်မှုထမ်းစာရင်းအတွက်ဆိုပြီး အတန်းပညာရေး ဘယ်လောက်ရှိတယ်ဆိုတာကအစ မြို့နယ်ရုံးက တောင်းတာ။ ကျွန်တော်လည်း နားမလည်ဘူး” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေပြဌာန်းခဲ့တဲ့ အစောပိုင်းကာလများတွင် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေရဲ့ မိသားစုဝင်အမည်စာရင်းတွေကိုပါ စစ်မှုထမ်းအတွက်လို့ဆိုပြီး စာရင်းကောက်ယူထားခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့ ပထမဆုံးစစ်မှုထမ်းသင်တန်းက သင်တန်းသား ၅၀၀၀ ခန့်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၈ မှာ သင်တန်းဆင်းခဲ့ပါတယ်။ အပတ်စဉ် ၂ နဲ့ ၃ ကိုတော့ ဆက်လက်သင်တန်းပေးနေဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်