ရန်ကုန် စမ်းချောင်းနဲ့ သာကေတမှာ YBS က လမ်းဖြတ်ကူးသူနှစ်ဦးကို တိုက်မိ

Author ကိုထက်
Categories
Published on Jul 08, 2024

ရန်ကုန်မြို့၊ စမ်းချောင်းနဲ့ သာကေတမြို့နယ်တို့မှာ YBS ယာဉ်က လမ်းဖြတ်နေသူနှစ်ဦးကို တိုက်မိမှု ယမန်နေ့နဲ့ ယနေ့ ဇူလိုင်လ ၈ ရက်နေ့တို့မှာ ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းများ ထံမှ သိရပါတယ်။

 

ယမန်နေ့ ဇူလိုင်လ ၇ ရက် နေ့လယ်ပိုင်းက စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမီးပွိုင့်မှာ YBS 75 က လမ်းဖြတ်ကူးနေတဲ့ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို တိုက်မိလို့ ဒဏ်ရာအနည်းငယ်ပြင်းထန်ခဲ့တယ်လို့ စမ်းချောင်းအရန်မီးသတ်တာဝန်ရှိသူက ပြောပါတယ်။

 

“သက်ကြီးပိုင်းအမျိုးသမီးအတိုက်ခံရတာပါ။ မေးစိကွဲ၊ ခေါင်းကွဲစတဲ့ ဒဏ်ရာတွေရပါတယ်။ သက်ကြီးပိုင်းဖြစ်တော့ နည်းနည်းလေးတော့ ပြင်းထန်တာပေါ့” လို့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် ဒီကနေ့ ဇွန်လ ၈ ရက် မနက်ပိုင်းကလည်း သာကေတမြို့နယ် မြင်တော်သာလမ်းမပေါ်မှာ YBS 89 က လမ်းဖြတ်ကူးနေသူ သက်ကြီးပိုင်းအမျိုးသမီးကို ဝင်တိုက်ခဲ့တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

 

“၇ ဈေးကားမှတ်တိုင်နားမှာ အတိုက်ခံရတာပါ။ အသက် ၆၅ နှစ်အရွယ်အမျိုးသမီးကြီးပါ။ ဒဏ်ရာကတော့ လက်နဲ့ မျက်နှာမှာ ရခဲ့ပါတယ်။ အရမ်းပြင်းထန်တော့မဟုတ်ပါဘူး” လို့ ၎င်းက ပြောပါတယ်။

 

ရန်ကုန်မှာ YBS ယာဉ်တွေ စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် လူထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။

 

ပြီးခဲ့တဲ့ ယခုနှစ် မေလထဲ သန်လျင်မြို့နယ်မှာ YBS 70 က ၂ နှစ်အရွယ်ကလေးငယ်ကို ကြိတ်မိလို့ အဲဒီကလေးငယ်သေဆုံးခဲ့ရပါတယ်။

 

ဒါ့အပြင် မေလ ၁၄ ရက် ညပိုင်းကလည်း အင်းစိန်မြို့နယ် ဘိုခြံမှတ်တိုင်အနီးမှာ လမ်းဖြတ်ကူးနေတဲ့ အမျိုးသမီးနှစ်ဦးကို YBS 131 က ကြိတ်မိတဲ့အတွက် ‌သေဆုံးခဲ့ပြီး မေလ ၁၅ ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်းမကြီးပေါ်မှာ တွဲကားက ဘေးတွဲဆိုင်ကယ်သမားကို ကြိတ်မိလို့ ဘေးတွဲမောင်းသူသေဆုံးခဲ့ရပါတယ်။

 

ဓာတ်ပုံများ – စမ်းချောင်းအရန်မီးသတ်နဲ့ သာကေတမြို့နယ် လူမှုကူညီရေးအသင်း