စစ်ရှုံးပြီးထွက်ပြေးနေသော ခမရ ၅၆၅ ဒုတပ်ရင်းမှူးကို AA အရှင်ဖမ်းမိ

Author ကိုထားဝယ်
Categories
Published on Apr 08, 2024

စစ်ကောင်စီတပ်၏ ဘူးသီးတောင်မြို့နယ်၊ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၆၅) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်(ကြည်း /၄၁၁၄၇)ကို ဧပြီလ ၅ ရက်၊ ညနေ ၄ နာရီခန့်တွင် ယင်းမြို့နယ် ဘဒနာကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် AA က လက်ရဖမ်းဆီးရမိခဲ့သည်ဟု ယမန်နေ့ ညပိုင်းက ထုတ်ပြန်သည်။

 

DSA အပတ်စဉ် (၄၇)၊ အသက်(၄၀)အရွယ် ၎င်းသည် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ် စခန်းသိမ်းတိုက်ပွဲမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်သည်။ ဒဏ်ရာများဖြင့် ဖမ်းဆီးရမိသော ဗိုလ်မှူး ဇော်ဇော်အောင်ကို ရက္ခိုင့်တပ်တော် ဆေးတပ်ဖွဲ့က ဆေးကုသပေးလျက်ရှိသည်ဟု ဆိုသည်။

 

ခမရ (၅၆၄) စခန်းမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်က လိုက်လံတိုက်ခိုက်နေရာ ဧပြီလ ၇ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်းချေမှုန်းခဲ့ပြီး ဆက်လက်ရှာဖွေတိုက်ခိုက်နေသည်ဟု AA ထံမှ သိရသည်။

 

ဓာတ်ပုံ – AA Info Desk