ရန်ကုန်တွင် အပူချိန်မြင့်မားသည့်အတွက် နေမကောင်းဖြစ်သူများလာ

Author ကိုထက်
Categories
Published on Apr 08, 2024

ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်း နေ့အပူချိန်မြင့်မားနေသည့် အတွက် နေမကောင်း ဖျားနာသူများလာကြောင်း အထွေထွေရောဂါကု ဆရာဝန်များထံမှ သိရသည်။

 

အပူချိန်အဆမတန်မြင့်သည့်တွက် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများသည် သတိလစ်သည်အထိပင် ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့က အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောသည်။

 

“အခုက အပူရှိန်တအားမြင့်တော့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ မူးလဲသတိမေ့တာတွေပါ ဖြစ်လာတယ်။ ဆေးခန်းကိုရောက်လာသူ တော်တော်များများလည်း အပူရှပ်တာ‌၊ ကိုယ်အပူချိန်များလို့ ဖျားနာ နေမကောင်းပေါ့။ အဲဒီလိုမျိုးတွေ များပါတယ်၊ ဒီရက်ပိုင်း” ဟု ၎င်းက ပြောသည်။

 

ထို့ပြင် ရန်ကုန်မြို့၏ နေ့လယ်ပိုင်း အပူချိန်မြင့်သည့်အချိန်များတွင် မှတ်တိုင်အချို့၌ လိုင်းကားစောင့်ရင်း သက်ကြီးပိုင်းများ မူးလဲသတိလစ်သည်များ ရှိလာနေသည်ဟု လူမှုကူညီရေးအသင်းများထံမှ သိရသည်။

 

“ဒီရက်ပိုင်းတွေ အဲဒီလိုအပူချိန်များပြီး သတိလစ်လဲနေတာတွေကို လိုက်ကူညီရတာများလာတယ်ဗျ။ အခုက သာမန်ကျန်းမာရေးကောင်းသူတွေတောင် ပူတာမခံနိုင်ဘူးလေ။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေကတော့ ပိုဆိုးတာပေါ့။ ဖြစ်နိုင်ရင်တော့ အပူချိန်မြင့်တဲ့အချိန်တွေမှာ အပြင်မထွက်ဘဲ အရိပ်ရပြီး အေးတဲ့နေရာတွေမှာနေသင့်တယ်” ဟု ရန်ကုန်က လူမှုကူညီကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းတို့နှင့် မွန်ပြည်နယ်တို့တွင် ဧပြီ ပထမပတ်အတွင်း နေ့အပူချိန် ၄၀/၄၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ပြီး ဧပြီ ၉ ၊ ၁၀ နှင့် ၁၁ ရက်များတွင် လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး ယင်းဒေသများတွင် မိုးရွာနိုင်‌ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ခန့်မှန်းချက်ထုတ်ပြန်ထားသည်။

 

နေ့အပူချိန်မြင့်တက်မှုများသည် ဧပြီနှင့် မေလအထိ ဆက်လက်ရှိနေမည်ဖြစ်ပြီး အပူပျံတက်ကာ မိုးတိမ်တောင်များ ဖြစ်ထွန်းကာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်‌ကြောင်း စစ်ကောင်စီ၏ မိုးဇလက ဧပြီ ၁ ရက်က ထုတ်ပြန်ထားသည်။