တွန်းဇံမှာ ချင်းကာကွယ်ရေးတပ်တွေအချင်းချင်း စစ်ရေးတင်းမာနေ

Author ဆလိုင်း
Categories
Published on Nov 08, 2024

ချင်းပြည်၊ တွန်းဇံမြို့နယ်မှာ ချင်းလဲန်းကောင်စီ(CC)ရဲ့ ပူးပေါင်းတပ်နဲ့ ဇိုမီးတော်လှန်ရေးတပ်(ZRA) တွေကြား နိုဝင်ဘာလဆန်းပိုင်းအတွင်း စစ်ရေးတင်းမာလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

CC ပူးပေါင်းတပ် သိမ်းပိုက်ထားတဲ့ တွန်းဇံမြို့ကို ZRA က ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရယူမယ်လို့ သတင်းတွေထွက်ပေါ်လာပြီး နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေတာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

“တွန်းဇံကို ပြန်တိုက်ယူမယ်ဆိုပြီး ZRA က အမြဲတမ်း သတင်းတွေလွှင့်တယ်။ အခုခါ သတင်းထပ်လွှင့်ပြန်တယ်။ အကယ်လို့ ZRA ကနေ တိုက်ခိုက်လာမယ်ဆိုလည်း ကျွန်တော်တို့ဘက်က ပြန်လည်တိုက်ခိုက်မှု ပြုလုပ်သွားမှာပါ” လို့ ချင်းကာကွယ်ရေးတပ်(တွန်းဇံ)မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒီသတင်းတွေကြောင့််ဒေသခံတွေဟာ တိုက်ပွဲပြန်ဖြစ်လာမှာ စိုးရိမ်နေကြသလို ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

 

ဒါပေမဲ့ တွန်းဇံမြို့အတွင်း တိုက်ပွဲဖြစ်ပွားလာပါက ပြည်သူတွေ လုံခြုံရေးအတွက် CDF တွန်းဇံက အကောင်းဆုံးတာဝန်ယူ ဆောင်ရွက်သွားမယ်လို့ CDF တွန်းဇံ တာဝန်ရှိသူက ပြောပါတယ်။

 

နောက်ပြီး CDF(တွန်းဇံ)ဘက်က ပြီးခဲ့တဲ့နိုဝင်ဘာလ ၅ ရက်နေ့မှာ ပြည်သူတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်တာတွေ မပြုလုပ်ဖို့နဲ့ တိမ်းရှောင်သူတွေကို ZRA နဲ့ ပူးပေါင်းတယ်လို့ မှတ်ယူကာ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

 

“ZRA က တွန်းဇံကို CC လက်ထဲကနေ ပြန်သိမ်းမယ်။ မြို့သိမ်းတိုက်ပွဲ လုပ်မယ် စတဲ့သတင်းတွေက အခုရက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့်ကြားနေရတယ်။ ဒေသခံတွေက တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်နေကြတယ်။ နှစ်ဖက်စစ်ရေးအခြေအနေကလည်း တင်းမာနေတဲ့အခြေနေမှာရှိတယ်” လို့ အသက် ၃၀ နှစ်အရွယ် တွန်းဇံမြို့ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

CC ပူးပေါင်းတပ်ဖွဲ့ရဲ့ တွန်းဇံမြို့ နယ်မြေလုံခြုံရေးဆိုပြီး ရံဖန်ရံခါ နယ်ကျေးရွာတွေမှာ စစ်ကြောင်းထိုးမှုတွေကြောင့် ZRA နဲ့ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်က တွန်းဇံမြို့နဲ့ ၁၅ မိုင်အကွာရှိတဲ့ မွှလ်ကွေးကျေးရွာမှာ CC ပူးပေါင်းတပ်နဲ့ ZRA တို့ တိုက်ပွဲဖြစ်ပြီး ZRA ဘက်က ၁၀ ယောက်သေဆုံးပြီး CC ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ CDF တွန်းဇံက သတင်းထုတ်ပြန်ပါတယ်။

 

တွန်းဇံမြို့သိမ်းတိုက်ပွဲ သတင်းထွက်ပေါ်လာတာနဲ့ပတ်သက်လို့ ZRA ကို CJ Platform က ဖုန်းနဲ့ ဆက်သွယ်နေပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

 

တွန်းဇံမြို့ဟာ ဇိုမီး(ချင်း)လူမျိုးစုတွေ အဓိကနေထိုင်တဲ့မြို့ဖြစ်သလို အရင်ကတည်းက ZRA စစ်ရေးလှုပ်ရှားတဲ့ မြို့လည်းဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အသက် ၅၆ နှစ်အရွယ် ဇိုမီး (ချင်း)နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် တွန်းဇံမြို့နယ်မှာရှိတဲ့ တခြားချင်းမျိုးနွယ်စုငယ်တွေဖွဲ့စည်းထားတဲ့ CDF တွန်းဇံရှိတယ်။ သူတို့က CC နဲ့ ပူးပေါင်းထားတဲ့အဖွဲ့ဖြစ်တယ်။ တွန်းဇံမြို့နယ်ကို CDF တွန်းဇံနဲ့ CC ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထားတယ်။ အခု CDF တွန်းဇံနဲ့ CC အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေပြီ။ ဒီတော့ တွန်းဇံမြို့အုပ်ချုပ်ရေးအပိုင်းနဲ့ ထိန်းချုပ်မှုအပိုင်းမှာ အထစ်အငေါ့တွေရှိလာတယ်။ အခုဖြစ်တဲ့ ကိစ္စက ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာထက် ပြည်သူတွေရဲ့ မျက်နှာထောက်ပြီး နှစ်ဖက်တွေ့ဆုံ ဆွေးနွေးတာကလွဲလို့ ဘာမှမရှိဘူး” လို့ သူက ဆိုပါတယ်။

 

တွန်းဇံမြို့ကို CDF တွန်းဇံနဲ့ CC ပူးပေါင်းတပ်က ဒီနှစ် ၂၀၂၄ မေလ ၂၃ ရက်နေ့မှာ သိမ်းပိုက်ရရှိထားပါတယ်။

 

ZRA တပ်ဖွဲ့ဟာ ချင်းလူမျိုးတွေဖြစ်ကြပေမဲ့ စစ်ကောင်စီနဲ့ လက်တွဲပြီး CC နဲ့ တွန်းဇံမြို့နယ်ကောင်စီ အုပ်ချုပ်ရေးနယ်မြေတွေကို ထိပါးနှောင့်ယှက်လာတဲ့အတွက် မလွှဲမရှောင်သာ တိုက်ထုတ်ရခြင်းဖြစ်တယ်လို့ CC ဘက်က ဆိုထားပါတယ်။

 

ဓာတ်ပုံ – ZRA, CDF Ton Zang

 

Related News

Depend on news