အဆိပ်ခိုးတွေဝေနေတဲ့ ဘန်ကောက်မြို့

Author အဂ္ဂ
Categories
Published on Oct 08, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်နဲ့ အနီးတစ်ဝိုက်က ခရိုင်တွေမှာ လေထုညစ်ညမ်းမှု အဆင့်ဟာ သတ်မှတ်စံနှုန်းထက် အဆမတန် ကျော်လွန်သွားပြီလို့ ထိုင်းနိုင်ငံရဲ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနက ဒီကနေ့ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းမှာပဲ သတိပေး ထုတ်ပြန်ခဲ့ပါတယ်။

 

ဒီကနေ့ မနက် ၁၁ နာရီရဲ့ တိုင်းတာချက်တွေအရ ဘန်ကောက်မြို့တော်ရဲ့ နေရာပေါင်း ၂၄ ခုမှာ PM2.5 (အချင်း ၂ ဒသမ ၅ မိုက်ခရွန်နှင့်အောက် အမှုန်များ) လို့ခေါ်တဲ့ အန္တရာယ်ရှိ အမှုန်အမွှားတွေဟာ ဘေးကင်းတဲ့အဆင့်ထက် များစွာ ကျော်လွန်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

 

အဲဒီထဲက ဆတွန်း ဘက်မှာဆိုရင် PM2.5 ပမာဏဟာ တစ်ကုဗမီတာမှာ မိုက်ခရိုဂရမ် ၄၈ ဒသမ ၈ အထိ မြင့်တက်နေပြီး ဒါဟာ ဘေးကင်းသတ်မှတ်ချက် ၃၅ မိုက်ခရိုဂရမ်ထက် အများကြီး ကျော်လွန်နေတာပါ။

 

ဒါ့အပြင် အနီးအနားက နခွန်ပသွန်၊ နွန်တပ်ဘူရီ၊ ဆမွတ်ပရာကန်နဲ့ ဆမွတ်ဆာခုံး စတဲ့ ခရိုင်တွေမှာလည်း အလားတူ ပြဿနာတွေ့နေရပါတယ်။

 

လေထုညစ်ညမ်းမှုအမြင့်ဆုံးကတော့ ကန်ချနဘူရီက မွမ်ခရိုင်ဖြစ်ပြီး PM2.5 က ၅၈ ဒသမ ၈ မိုက်ခရိုဂရမ်အထိ မြင့်တက်နေတာလို့လည်း ဆိုထားပါတယ်။

 

မိုးလေဝသဌာနက ဒီလို မြူခိုးထူထပ်တဲ့ အခြေအနေဟာ လာမယ့် အောက်တိုဘာ ၁၆ ရက်အထိ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ဓာတ်ပုံ- Pattanapong Hirunand

 

ပုံစာ – လေထုညစ်ညမ်းမှုကြောင့် အုံ့မှိုင်းနေသည့် ဘန်ကောက်မြို့ကောင်းကင်ကို ဒီကနေ့မှာ တွေ့ရစဉ်

 

ကိုးကား- Bangkok Post